AA အဖွဲ့ လူထုကို အသုံးချနေကြောင်း တပ်မတော်ပြန်ကြားရေးပြော


2019.06.22
govt-army-press-jun22-622.jpg တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဇွန် ၂၂ ရက်နေ့က ကျင်းပစဉ်
Photo: Win Ko Ko Latt/ RFA

ရက္ခိုင့်တပ်တော် AA ဟာ အရပ်သားတွေနဲ့ ရောနှောနေပြီး လူထုကို အသုံးချနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောလိုက်တာဖြစ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ရက္ခိုင့်တပ်တော် AA ဟာ ဒေသခံတွေကို အသုံးချနေတဲ့အပြင် သာသနိက အဆောက်အုံတွေကိုလည်း အကာကွယ်ယူတိုက်ခိုက်တာတွေရှိကြောင်း ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်လို့ ယူဆရသူ ရှစ်ယောက်ကို မြောက်ဦးရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး အဲဒီကနေတဆင့် ဆက်စပ်သတင်းဖော်ထုတ်ချက်တွေအရ အဲဒီနေရာ အနီးတဝိုက်က ပိန်းပြစ်တောင် ဘုရားအနားက ဘုန်းကြီးကျောင်းကို သွားရောက်ရှာဖွေတဲ့အခါမှာ မိုင်းနဲ့ဆက်စက်ပစ္စည်းတွေကို မေလတုန်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကြားမှာ ဝင်ရောက်နေပြီး ယူနီဖောင်း ဝတ်မထားတာကြောင့် တပ်မတော်အနေနဲ့ ချက်ချင်း စိစစ်ဖို့ခက်ခဲတဲ့အတွက် AA တပ်ဖွဲ့ဝင်လို့ ယူဆရသူတွေကို အချိန်ယူပြီး စစ်ဆေးရတာတွေရှိတဲ့အကြောင်း၊ အဲဒီလိုစစ်ဆေးတာကိုလည်း ဥပဒေနဲ့အညီ သတင်းထုတ်ပြန်ပြီး မဟုတ်တဲ့သူကို ပြန်လွှတ်ပေးတာတွေရှိတယ်လု့ိလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA မရှိခင်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အဲဒီအဖွဲ့ရောက်လာမှသာလျှင် တိုက်ပွဲဖြစ်တာဖြစ်တဲ့အကြောင်း၊ သူတို့လုပ်ရပ်ကလည်း အကြမ်းဖက်မှုလုပ်ဆောင်နေတာတွေ ဖြစ်တဲ့အကြောင်း၊ နိုင်ငံရေးအရ တောင်းဆိုချင်တယ်ဆိုရင် ဆွေးနွေးဖို့ လမ်းကြောင်းတွေပေးထားတဲ့အကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောဆိုထားတဲ့ ဒေသခံသက်ကြီးရွယ်အိုတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်ကို တပ်မတော်က ငြင်းပယ်လိုက်ပြီး သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးစစ်ဆေးတာ မရှိကြောင်းလည်း ပြောပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။