ကေအိုင်အေရဲ့လိုင်ဖောင်စခန်း အနီး တိုက်ပွဲဖြစ်ပွား
2016.12.18

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်ဖောင်စခန်းမှာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စခန်းအနီးတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်နေ ကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြော ပါတယ်။
ဒုက္ခသည်စခန်းတွေအနားကို လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒုက္ခသည်တွေက စိုးရိမ်နေကြပြီး တရုတ်နိုင်ငံဘက်ကိုလည်း ထွက်ပြေးခိုလှုံလို့ မရဘူးလို့ ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
"စခန်းအနားမှာတင် လက်နက်ကြီးတွေကျနေတော့ IDP တွေက စိုးရွံ့နေကြတယ်။ တကယ်လို့ အဲဒီဘက်မှာ ထိုးစစ်က အပြင်းအထန် ပြန်လာမယ်ဆိုရင် ပြေးစရာတော့ မရှိဘူးပေါ့။ တရုတ်ပြည် ဘက်ကိုလည်း ပြေးလို့မရတော့ဘူး။ တရုတ်က မုံးကိုးဘက်ကလိုတော့ ဖြစ်မယ်လို့ မထင်ဘူး။ မုံးကိုး ဘက်ကတော့ တရုတ်က လက်ခံတယ်။ အခုတော့ လက်မခံတော့ဘူး။ အဲဒီလိုမျိုးအခြေအနေမှာရှိတော့ မုံးကိုးဘက်နဲ့တော့ ကွာမယ်ထင်တယ်"
ကေအိုင်အေတပ်ရင်း ၃ နယ်မြေ စခန်းဖြစ်တဲ့ လိုင်ဖောင်စခန်းအနီးက ဒုက္ခသည်စခန်း ၄ ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည် သုံးသောင်းလောက်ရှိတယ်လို့ သိရပါတယ်။
မနေ့ကလည်း KIA အခြေစိုက် ဂီဒွန်စခန်းကို အစိုးရတပ်မတော်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးမျိုးစုံတို့နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်သလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
မြဝတီရဲ့ သတင်းထုတ်ပြန်ချက်အရ ကေအိုင်အေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တပ်မတော်နဲ့ အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ဝ နေ့ကစပြီး တပ်မတော်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပါရှိပါတယ်။
KIA ဟာပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူခဲ့ပေမယ့် ၂၀၁၁ခုနှစ်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှုစာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။