တရုတ် - မြန်မာ နယ်စပ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်
2016.08.29

ကချင်အထူးဒေသ ၁ နယ်မြေနဲ့ ထိစပ်နေတဲ့ တရုတ် - မြန်မာနယ်စပ် မှတ်တိုင် အမှတ် ၆ တဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေ တပ်ရင်း ၃ တို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အစိုးရတပ်မတော်က နယ်ခြားမှတ်တိုင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ နယ်မြေ စစ်ဆေးရေးတွေ ဆောင်ရွက်ချိန်မှာ တပ်မတော် နဲ့ ကေအိုင်အေတို့ ဒီရက်ပိုင်းမှာ ထိတွေ့မှုတွေဖြစ်တာလို့ ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့သား ဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ပြောပါတယ်။
"အဓိက နယ်စပ်မှတ်တိုင်တွေကို စစ်ဆေးတာ တချို့ မှတ်တိုင်တွေက ပျက်နေလို့ ပြုပြင်ဖို့ ဆေးသုတ်စရာ ရှိတာ သုတ်၊ အင်္ဂတေလောင်းစရာ ရှိတာ လောင်းနေတာ။ အဲ့တာသွားလုပ်ရင်းနဲ့ လမ်းမှာ ထိတွေ့ မှုတွေဖြစ်နေတာ။ တရုတ်ပြည်နဲ့ နယ်စပ်မှတ်တိုင်တွေရှိတဲ့ ၅၊ ၆၊ ၇ အဲ့ဝန်းကျင်ပေါ့"
ကေအိုင်အေနဲ့ ပတ်သက်မှုရှိတယ်လို့ယူဆရတဲ့ တရုတ်စကား ပြောတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကေအိုင်အေ တပ်ရင်း ၃ နယ်မြေထဲမှာ ရောက်ရှိနေတာနဲ့ ဆက်စပ်ပြီးတော့ တိုက်ပွဲတွေဖြစ်တာလို့လည်း ဒေသခံတွေ က ပြောကြပါတယ်။
အစိုးရတပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေမရှိရင် တိုက်ပွဲတွေဖြစ်မှာမဟုတ်ကြောင်းနဲ့ တရုတ် စကားပြော လက်နက်ကိုင်အဖွဲ့ဟာ ကေအိုင်အေနဲ့ ပတ်သက်မှု မရှိဘူးလို့ ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးနော်လီက ပြောပါတယ်။
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ် ဆဒုံး-ကန်ပိုက်တီ နဲ့ လိုင်ဇာဒေသတစ်ဝိုက်၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဟူးကောင်းလွင်ပြင်နဲ့ ကာမိုင်း လွင်ပြင်ဒေသတွေမှာ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာပါ။
အဲ့ဒီတိုက်ပွဲတွေမှာ ပြည်သူနဲ့ လူနေအိမ်တချို့ ထိခိုက်ဒဏ်ရာရရှိနေတဲ့အတွက် ရှမ်းတိုင်းရင်းသား အများစုပါဝင် တဲ့ ဒေသခံတွေစုပေါင်းပြီး မြေမြုပ်မိုင်းတွေ မထောင်ဖို့နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရအောင် ဆွေးနွေးကြဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။