တောင်ကုတ်မှာ တပ်မတော်က ဖမ်းဆီးထားသူနှစ်ဦးထဲက တစ်ဦးသေဆုံး
2019.07.31
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က AA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးထားတဲ့သူ နှစ်ဦးထဲက တစ်ဦး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ သေဆုံးသွားသူဟာ ရမ်းဗြဲမြို့နယ်က ရခိုင်လူမျိုး တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသွားသူနဲ့ ပတ်သက်ပြီး ဆေးရုံက ဖျားနာလို့ သေဆုံးတယ်ဆိုတဲ့ ဆေးစာထွက်လာပြီး ရဲတပ်ဖွဲ့က သေဆုံးသွားသူကိုလည်း အလျင်အမြန်သဂြိၤုလ်ဖို့ ဖိအားပေးတဲ့အတွက် ချက်ချင်း သဂြိၤုလ်လိုက်တယ်လို့ ဆက်ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ မသိရှိကြောင်းသာ ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး တောင်ကုတ် ရဲစခန်းကို RFA ကဆက်သွယ်မေးမြန်းချိန်မှာ AA အဖွဲ့နဲ့ ပတ်သက်လို့ ဖမ်းဆီးတာမဟုတ်ဘဲ တပ်ပြေးတွေသာ ဖြစ်ကြောင်း ပြောပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း AA အဖွဲ့နဲ့ ဆက်သွယ်လို့ ဖမ်းဆီးတာမဟုတ်ဘဲ တပ်ကထွက်ပြေးသွားတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။
ဖမ်းဆီးထားတဲ့သူ နှစ်ဦးထဲက တစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူ့အနေနဲ့ မသိသေးတာကြောင့် အတည်ပြုပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့မြို့နယ် ၆ ခုမှာ ဧပြီလ ၂ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၆၀၉၄ စုနဲ့ လူဦးရေ ၂၆၅၀၀ ခန့်ရှိနေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နှစ်ဘက် တိုက်ပွဲကာလတလျှောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဇွန်လအထိ အရပ်သား သေဆုံးမှု ကတော့ ၆၀ ခန့်ရှိနေပြီး ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ အရပ်သားကတော့ ၁ဝဝ ကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)