လွယ်ဂျယ်မှာပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တရုတ်ဘက်ကနေ ထွက်ပြေးဖို့ကြိုးစားနေ
2024.03.29
တရုတ်နယ်စပ်၊ လွယ်ဂျယ်မြို့မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းနဲ့ မိသားစုဝင်တွေဟာ တရုတ်နိုင်ငံဘက်ကနေ ထွက်ပြေးဖို့ကြိုးစားပေမယ့် မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အထိ တရုတ်က နယ်စပ်ဝင်ပေါက် ဖွင့်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၉ ရက်နေ့ မနက်ကတည်းက လွယ်ဂျယ်နယ်စပ်ဝင်ပေါက်နားမှာ စောင့်နေကြပေမယ့် အခုထိ တရုတ်ဘက်က ဖွင့်မပေးဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုထိတော့ စကစတွေက ဒီတိုင်းရှိနေသေးတယ်။ KIA တွေက မြို့ပတ်ပတ်လည် အကုန်လုံးရောက်နေပြီ။ မနေ့ကတိုက်ဖို့လုပ်တာ စကစတွေက သူတို့ဟာသူတို့ ထွက်သွားမယ်ဆိုပြီး တောင်းပန်တယ်။ ဒီမနက်အစောကြီး သူတို့ဟာသူတို့ လက်နက်တွေဖောက်ပြီး တရုတ်ဘက်နဲ့ညှိပြီး တရုတ်ဘက်ထွက်သွားဖို့ ပြင်ဆင်နေတာ၊ တရုတ်က မထွက်ခိုင်းတော့ ဒီတိုင်းပဲနေနေကြတယ်"
လွယ်ဂျယ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေအပြင် ပညာရေး၊ ကျန်းမာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ အကောက်ခွန်၊ စိုက်ပျိုးရေးဌာနတွေက ဌာနဆိုင်ဝန်းထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း သုံးရာခန့်ရှိတယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
လက်ရှိအချိန်အထိ ညှိနှိုင်းနေကြဆဲဖြစ်ပြီး မတ်လ ၃၀ ရက်နေ့လောက်မှ တိတိကျကျသိရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်နဲ့ တရုတ်ဘက် ညှိနှိုင်းနေတယ်ဆိုတဲ့အခြေအနေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
"တရုတ်အစိုးရနဲ့ ညှိတဲ့အပိုင်းတွေက ကျွန်တော်တို့က ဘာမှမကြားဘူး။ ညှိနှိုင်းတာမရှိဘူးလို့ ပြောတာမဟုတ်ဘူး၊ ကျွန်တော်တို့မကြားတာပါ။ လွယ်ဂျယ်ကတော့ အဓိကတော့ တရုတ်အစိုးရနဲ့ မြန်မာပြည်နယ်အစိုးရ အဲဒီနှစ်ခုကြားမှာ ညှိနှိုင်းထားတဲ့ တရားဝင် ဒီနိုင်ငံတော်ဂိတ်ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ယောယုံတို့ စိန်းလုံတောင်တန်းဘက်က စခန်းတွေကို အကုန်လုံး ကျွန်တော်တို့ သိမ်းပိုက်ထားပြီးဆိုတော့ လွယ်ဂျယ်ကတော့ သူဟာသူ သူတို့ရဲ့လမ်းကြောင်းတွေ ပြတ်တောက်ပြီးသား ဖြစ်နေတာ"
လွယ်ဂျယ်မှာတော့ မတ်လ ၂၉ ရက်နေ့မှာ တိုက်ပွဲဖြစ်တာမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းအထိ အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။
လွယ်ဂျယ်-ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၂၇ ရက်နေ့ကစပြီး KIA က တိုက်ခိုက်နေသလို ယောယုံတပ်စခန်းအပါအဝင် ရှန်းတိုင်း၊ ဘန်ယောင်း၊ လော့မွန်၊ ဖလန် စတဲ့စခန်းတွေကိုပါ သိမ်းပိုက်ထားပြီး လွယ်ဂျယ်မြို့ပတ်ပတ်လည်ကိုလည်း ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။