ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ငြိမ်းချမ်းရေးအဖွဲ့ မှာ ပါဝင်သင့်ကြောင်း ရခိုင်အမတ် ပြောကြား

ငြိမ်းချမ်းရေး ကော်မရှင်လို အဖွဲ့မျိူး လွှတ်တော်က ဖွဲ့စည်းမယ်ဆိုရင် အများယုံကြည်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ပါဝင်ဖို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

2011.08.31
rakhine_RNDP_election_305_z.jpg ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
(Photo Courtesy of RNDP)

မြန်မာနိုင်ငံတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ် အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အမြဲတမ်းကော်မတီ ဖွဲ့စည်းဖို့ အဆိုတရပ်ကို မနေ့က အမျိူးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ ဒီအဆိုကို ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ကချင်ပြည်နယ် အမတ်တဦး တင်သွင်းတာ ဖြစ်ပါတယ်။

'ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အမြဲတမ်း ကော်မတီ' ဆိုတာ အဓိပ္ပါယ် လွဲမှားမှုကို ဖြစ်စေတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

"မြန်မာနိုင်ငံတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ် အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အမြဲတမ်းကော်မတီ ဆိုတာလေးကို ဖွဲ့စည်းမယ် ဆိုတာကျတော့ ဒါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ပေးထားတဲ့ဘောင်ကို ကျော်နေတာကိုး။ အမြဲတန်းဆိုတဲ့ ကိစ္စလေးပါ။ အဲဒါကို ဖွဲ့ဖို့ ဖွင့်ပေးထားတာက ပုဒ်မ ၁၁၈ (က) ပေါ့ဗျာ။ နောက် ၁၅၀ (က)၊ နှစ်ခုရှိတယ်။ အဲဒါက ပြည်သူ့လွှတ်တော်၊ နောက်တခုက အမျိုးသားလွှတ်တော်ပေါ့ဗျာ၊ ကော်မတီများက လေ့လာဖို့ အကြောင်းကိစ္စများမှ အပ၊ ကျန်အကြောင်း ကိစ္စများကို လေ့လာရန် လိုအပ်ပါက ကော်မရှင်နဲ့ အဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် လည်းကောင်း၊ သင့်လျော်သည့် နိုင်ငံသားများဖြင့် လည်းကောင်း၊ ဖွဲ့စည်းနိုင်သည် ဆိုပြီးတော့ ပုဒ်မ ၂ ခုနဲ့ ခွင့်ပြုထားတယ်။"

လွှတ်တော်အနေနဲ့ အများသဘောတူ ဖွဲ့စည်းမယ်ဆိုရင်လည်း ပြည်သူလူထု လေးစားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ပုဂ္ဂိုလ်တွေကိုလည်း ဖွဲ့စည်းပုံနဲ့အညီ ထည့်သွင်းပေးဖို့ တင်ပြခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

"တကယ်လို့ လွှတ်တော်က ဖွဲ့မယ်ဆိုရင် အများပါဝင်တဲ့ အများယုံကြည်တဲ့ နိုင်ငံတကာက လက်ခံတဲ့၊ ထိရောက်တဲ့၊ နှစ်ဘက် ပဋိပက္ခကနေ ယုံကြည်နိုင်တဲ့ လက်ခံနိုင်တဲ့ ကော်မရှင်တရပ်ကို တိုင်းရင်းသား ပါတီပေါင်းစုံက ပါတဲ့ လွှတ်တော် ကိုယ်စားလှယ်များရယ်၊ လူထုကြည်ညိုပြီး အများ လက်ခံနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ပါဝင်တဲ့၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဖိတ်ခေါ်ပြီး ဖွဲ့စည်းနိုင်တဲ့ ကော်မတီ တရပ်ဆိုရင် ကျနော်တို့ က အလေးအနက် လက်ခံမယ်။ သို့သော်လည်းပဲ အဲဒီမှာ စကားရပ်ပေါ့နော်။ အမြဲတန်းဆိုတဲ့ စကားရပ်လေး ပယ်ဖျက်ပြီးခါမှ ကော်မရှင်လို့ဆိုပြီး ဖွဲ့ပေးရင် ဒါဟာ ဖွဲ့စည်းမှု အခြေခံတဲ့ အခြေခံဥပဒေနဲ့ လိုက်လျောညီထွေဖြစ်မယ်ဆိုပြီး ကျနော်တို့က ဆွေးနွေးတာပါ။"

ပြီးခဲ့တဲ့ သတင်းပတ်က အမျိုးသား လွှတ်တော်မှာ သက်ဆိုင်ရာ လုပ်ငန်း အလိုက် ကော်မတီ (၈) ခုကို ဖွဲ့စည်းခဲ့ပြီး အဲဒီမှာ တိုင်းရင်းသား လူမျိုးများအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ ကို အဖွဲ့ဝင် (၉) ဦးနဲ့ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။