အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

2012.05.31
knu-saw-hla-ngwe-b305 KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပသော ဘာသာပေါင်းစုံ ကရင်တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ်။
RFA/Karen Program

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Free Burma Rangers (FBR) အဖွဲ့က လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ KNU နယ်မြေအတွင်း မြန်မာ စစ်တပ်တွေ အင်အားဖြည့်တာ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေတယ်လို့ ဖော်ပြထားပြီး မြိတ် ထားဝယ်ခရိုင်မှာ အရပ်သားတွေကို အစိုးရတပ်သားက ပစ်ခတ်မှုတွေ ရှိသလို၊ မူထရောနဲ့ တောင်ငူခရိုင် (တော်ဦး) ဒေသမှာ ခြောက်လှန့် ပစ်ခတ်မှုတွေ၊ လက်နက်ခဲယမ်း သယ်ဆောင်မှုတွေ ရှိကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး KNU ကို မေးမြန်းစုံစမ်းရာမှာတော့ ၄၅ ရက်လောက် အတွင်းမှာတော့ တိုက်ပွဲအနေနဲ့ တက်လာတာတော့ မတွေ့သေးကြောင်း၊ ဒါပေမဲ့ တပ်စခန်းချဲ့တာ၊ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေကြောင်း၊ ဒီလိုလုပ်ရပ်တွေ နည်းပါးသွားရမှာ ဖြစ်သလို အခုလို ဖြစ်ရပ်တွေဟာ တင်းမာမှု လျော့ကျရေးကို အထောက်အကူ မပြုကြောင်း၊ လူထုပြန်လည် လာရောက်နိုင်ရေးအတွက် အခြေအနေများ ဘာမှ ထူးခြားလာခြင်း မရှိသေးကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောပါတယ်။

Free Burma Rangers (FBR) အဖွဲ့ဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသတွင်းက ရွာပုန်း ရွာရှောင် ဒေသခံ ပြည်သူတွေအတွက် ဆေးဝါးနဲ့ အခြေခံ လူသုံးပစ္စည်းတွေကို
ကူညီထောက်ပံ့ပေးနေတဲ့ အမေရိကန် အခြေစိုက် အဖွဲ့တစ်ဖွဲ့ ဖြစ်သလို စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်တဲ့နည်းနဲ့ စုံစမ်းဖော်ထုတ်နေတဲ့
အဖွဲ့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။