ရွှေလုပ်သား တစ်ရာကျော် တွင်းထဲမှာ ပိတ်မိနေ
2014.07.30

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာက ရွှေတွင်းလုပ်ငန်းတွေ ကို ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက တရားမဝင်လုပ်ငန်းတွေဆိုပြီး ဝင်ရောက်ဖမ်းဆီးနေ တာကြောင့် ရွှေတွင်းလုပ်သား တစ်ရာကျော်လောက် တွင်းထဲမှာပိတ်မိနေတယ်လို့ ရွှေတွင်းလုပ်သားတွေ ကပြောပါတယ်။
အဲ့ဒီရွှေတွင်းကိုရောက်နေတဲ့ စဉ့်ကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဆန်းဦးမောင်က ရွှေတွင်းလုပ်သားတွေပိတ်မိနေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
"၁၀၀ နီးနီးလောက်ရှိတယ်လို့ပြောတယ် ၊ အောက်ကတက်လာတဲ့ နောက်ထပ် ၂၆ ယောက်ကပြောတယ်၊ အောက်မှာ တွင်းထဲမှာ ပိတ်မိနေတဲ့လူ ၁၀၀ လောက်ရှိတယ်လို့ ကျနော့်ကို လာပြောလို့ ကျနော်တို့ကလည်း အဲ့ဒီထဲကို မဆင်းရဲဘူဗျ၊ အင်းပိုင်ရှင်ကလည်း အခုမရှိဘူးဗျ၊ အင်းပိုင်ရှင်ရဲ့အိမ်ကလည်း ၂၈ ရက်နေ့ဝင်စီးလိုက်တာဆိုတော့ ကျနော်တို့ မြို့နယ်ရဲမှူး ကတော့ပြောတယ်၊ ဒီဖက်က အပေါက်၂ ပေါက်ကိုတော့မပိတ်နဲ့ သူတို့တက်လာနိုင်ရင် တက်လာအောင် ဆိုပြီး အဲ့လိုပြောထားတာရှိတယ်ဗျ၊ အဓိကကတော့ တက်လာရင်အဖမ်းခံရမှာကြောက်လို့ဗျ"
အဲ့ဒီအင်းကို မခိုင်ဆိုသူက ပိုင်ဆိုင်ပြီး ပြီးခဲ့တဲ့ ၅ နှစ်လောက်ကတည်းက သတ္တုတွင်းဝန်ကြီးဌာနက တရားဝင် ခွင့်ပြုချက်မရဘဲ လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။
အဲဒီရွှေတွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က တရားမဝင်လုပ်ကိုင်တယ်ဆိုပြီး ဝင်ရောက်ဖမ်းဆီး တာဖြစ် ပါတယ်။
ဒီနေ့ ရွှေတွင်းထဲက လုပ်သား ၂၆ ယောက်တို့ တက်လာကြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက နှစ်ယောက်ကို တော့ ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကို လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အင်းပိုင်ရှင်ကို တရားမဝင် သတ္တု တူးဖော်မှုဥပဒေ ၃၀ (ခ) အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးဆန်းဦးမောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။