မိုးထိ မိုးမိရွှေလုပ်သားအရေး ILO ကိုတိုင်ကြား
2012.08.17

ရွှေလုပ်သားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ ပြန်လည် ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေး အရာရှိရုံး နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ရော့(စ်)ဝီလ်စန် (Ross Wilson) နဲ့ တွေ့ဆုံပြီး အကူအညီ တောင်းခဲ့တယ်လို့ ရွှေလုပ်သား ကိုယ်စားလှယ် ခေါင်းဆောင် ကိုနေအောင်က RFA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ အိုင်အယ်လ်အိုနဲ့ ၁၀ နာရီ ၁၁ နာရီအထိပေါ့၊ ၁ နာရီတွေ့တယ်လေ။ မိုးထိ မိုးမိမှာ ရွှေလုပ်သားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို အိုင်အယ်လ်အို အနေနဲ့ တစ်ထောင့် တစ်နေရာကနေ ဘယ်လို ကူညီနိုင်ပေးနိုင်မလဲဆိုတဲ့ အကြောင်းနဲ့ပဲ ကျွန်တော်တို့ သွားပြီးတော့ ဆွေးနွေးခဲ့တာပေါ့နော်။ သူတို့ဘက်ကနေပြီးတော့ ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ ပဋိညာဉ်အတိုင်းပေါ့။ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ အတွက်ကို အိုင်အယ်လ်အိုကနေပြီးတော့ မစ္စတာ ရော့(စ်)ဝီလ်စန်အနေနဲ့က ကုမ္ပဏီဥက္ကဋ္ဌရယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းပေါ့။ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးသန်းစိုးမြင့်ပေါ့။ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့။ သူတို့ဆီကို အိုင်အယ်လ်အို အနေနဲ့ စာပို့ပြီး ဒီကိစ္စတွေကို သူအကြောင်းကြား သွားပေးမယ်ဆိုတဲ့ အဖြေရပါတယ်"
ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ရွှေလုပ်သားတွေဟာ မိုးထိ မိုးမိတောင်ပေါ်မှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ဇွန်လ (၁၄) ရက်က နှစ်ဘက်သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ကုမ္ပဏီဘက်က မလိုက်နာတဲ့အပြင် ကုမ္ပဏီရဲ့ အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေကြောင့် အခုဆို ရွှေလုပ်သား ၁ သိန်းနီးပါးရဲ့ အသက်အိုးအိမ်နဲ့ ဘဝလုံခြုံမှုကိုပါ ခြိမ်းခြောက်ခံနေရပြီလို့ ကိုနေအောင်က ဆက်ပြောပါတယ်။
"ဘယ်နေ့ဖြေရှင်းမယ်။ ဘယ်နေ့ဖြေရှင်းမယ်။ အချိန်ဆွဲမယ်ဆိုရင် ကျွန်တော်တို့ လုပ်သားပြည်သူတွေ တောင်ပေါ်မှာ ငတ်ပြီးတော့ အကုန်လုံး ဒုက္ခရောက်ကုန်မှာပါ။ အခုလည်း တောင်ပေါ်မှာ စားဝတ်နေရေးတွေ ခက်ခဲလာတယ်။ ခက်ခဲလာတော့ အလုပ်သမားလေးတွေက ရွှေပါတယ်လို့ ယူဆတဲ့ သဲလေးတွေကိုကောက်တယ်။ ထမင်းစားဖို့ ဖြေရှင်းတယ်။ ဒီဥစ္စာကိုလည်း ကုမ္ပဏီဘက်က နေပြီးတော့ပေါ့နော်၊ ဒါ ခိုးမှု။ မြစ်သွားချိုးတဲ့ ကလေးတွေဆိုရင်လည်း ဒီလိုဓားကိုင်တာနဲ့ လက်နက်မှု။ ဒီလိုနဲ့ထောင်ကို ချနေတယ်ပေါ့နော်။ အရေးယူတဲ့ ဆောင်ရွက်မှုတွေ ကျွန်တော်တို့ လက်ရှိမှာ ရမည်းသင်းအကျဉ်းထောင် ရောက်နေတဲ့ ကလေးတွေလည်း ရှိတာပေါ့လေ။ တဖြေးဖြေးနဲ့သာ ဒီလို ဆက်သွားနေမယ်။ အချိန်တွေ ကြာနေမယ်ဆိုရင် အလုပ်သမားတွေ ဘက်ကနေပြီးတော့ အကုန်ဒုက္ခရောက်မဲ့ အရေးကို ကြိုမြင်နေလို့ အမြန်ဆုံး ဖြေရှင်းစေချင်တာပေါ့"
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ အစိုးရထံက လုပ်ကိုင်ခွင့် ၅ နှစ် သက်တမ်းရရှိထားပြီး လုပ်ငန်းလည်ပတ်ချိန်မှာ လက်တွဲလုပ်လာခဲ့တဲ့ တစ်ဆင့်ခံ ကန်ထရိုက်လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကို လုပ်ပိုင်ခွင့်တွေ ရပ်ဆိုင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်လလောက်ကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။