အမေရိကန် ဘီလျံနာသူဌေးကြီး ဆိုးရော့စ်နဲ့ မွတ်စ လင်ခေါင်းဆောင်တွေ တွေ့ဆုံ


2015.01.08
george-soros-305.jpg Open Society ဖောင်ဒေးရှင်းတည်ထောင်သူ သူဌေးကြီး George Soros ဟာ ဇန်နဝါရီလ ၈ ရက်နေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

အမေရိကန်အခြေစိုက် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အောင်မင်္ဂလာ ရပ်ကွက်မှာ မွတ်စလင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မွတ်စလင်လူငယ်တစ်ဦးက သူတို့ သွားလာခွင့်ကန့်သတ်ခံနေရကြောင်း Mr. George Soros ကို အခုလိုပြောပြခဲ့ပါတယ်။

"ကျနော်တို့ သွားလာခွင့်ကိုပိတ်ထားတာ ဘာမှအဆင်မပြေဘူး၊ ဈေးလည်းသွားလို့မရဘူး၊ ကျနော်တို့ ဒီနိုင်ငံမှာမွေးတာ တော်တော်လေးကြာပြီ၊ ကျနော်တို့အဖိုးက အရင်ကအစိုးရဝန်ထမ်း၊ အဲ့ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါ"

Mr. George Soros က မွတ်စလင်အသိုင်းအဝန်းရဲ့ အခြေအနေဟာ ဆိုးရွားနေတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Mr.George Soros က မွတ်စလင်တွေရဲ့ စားဝတ်နေရေးတွေအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး မွတ်စလင်ခေါင်းဆောင်တွေကို မေးမြန်းခဲ့ပါတယ်။

သက္ကယ်ပြင်၊ ဒါးပိုင်၊ စက်ရုံစုစတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန်နိုင်ငံအခြေစိုက် Open society အဖွဲ့အကြီးအကဲ ကုဋေကြွယ်သူဌေးကြီး ဂျော့ ဆိုးရော့စ်ဟာ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေ အတူပူးတွဲနေထိုင်နိုင်ရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဂျော့ဆိုးရော့အနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာပြီး တတ်စွမ်းသမျှ အကူအညီပေးလိမ့်မယ်လို့ မိမိနားလည်ကြောင်း ဦးရွှေမောင်က ပြောပါတယ်။

"သူက ပြန်လည်သင့်မြတ်ဖို့ ပြီးတော့ ငြိမ်းချမ်းစွာ ပူးပေါင်းအတူနေထိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို သုံးရင်ကောင်းမလဲဆိုတဲ့ အဲဒီ့အပေါ်မှာလည်း သူ့ဖက်ကနေ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်၊ ပြီးတော့ သူက နိုင်ငံတော်သမ္မတကြီးကိုလည်း တွေ့ပြီးပြီလို့ ပြောပါတယ်၊ သူက ရခိုင်ပြည်နယ်ဝန်ကြီးချက်နဲ့ တွေ့တဲ့ အခါမှာလည်း ဒီကိစ္စတွေကို အသေးစိတ်ဆွေးနွေးပြီးတော့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်မယ်၊ ဒီလို သဘောပဲ ကျနော်တို့ကို ရှင်းပြတာပါ"

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ Mr. Soros နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်းက လူမျိုးစုကိစ္စတွေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ဒုက္ခသည်စခန်းတွေက အခြေအနေတွေကို မေးမြန်း ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဂျော့ဆိုးရော့ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို ဒီရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပြီးုဖြစ်သလို ရခိုင်ပြည်နယ်ကို ဒီကနေ့ရောက်ရှိပြီး စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာနေပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖု့ိ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။