အစိုးရနဲ့တပ်မတော်ဘက်က အဆိုပြုထားတဲ့ Bilateral စာချုပ်မူကြမ်းတွေကို မြောက်ပိုင်းလေးဖွဲ့ဆီပေးအပ်
2019.07.01

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မိုင်းလားအထူးဒေသမှာ ဇွန်လ ၃၀ ရက်နေ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အစိုးရနဲ့ တပ်မတော်ဘက်က အဆိုပြုရေးဆွဲထားတဲ့ Bilateral စာချုပ်မူကြမ်းကို တိုင်းရင်းသားအဖွဲ့တွေဆီ ပေးလိုက်ပြီး နောက်ထပ်ဆွေးနွေးဖို့ ညှိနှိုင်းသွားမယ်လို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့က ဦးလှမောင်ရွှေက ပြောပါတယ်။
အဆိုပြုချက်တွေထဲမှာ တိုင်းရင်းသားတွေဘက်က တပ်အင်အားလျော့ချဖို့နဲ့ နယ်မြေကန့်သတ်ချက်တွေ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါနဲ့ပတ်သက်လို့ ဦးလှမောင်ရွှေကို မေးမြန်းရာမှာတော့ တရားဝင်ဆွေးနွေးပွဲမဟုတ်သေးတာကြောင့် အဆိုပြုချက်ထဲမှာပါဝင်တဲ့ အချက်တွေကိုတော့ အတည်ပြုပြောဆိုတာမရှိပါဘူး။
တိုင်းရင်းသားတွေဘက်က တပ်အင်အားလျှော့ချဖို့နဲ့ တပ်နေရာချထားရေး ကန့်သတ်ချက်တွေ ပါဝင်တယ်ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အဲဒီမူကြမ်းထဲမှာ AA အဖွဲ့ကို ကချင်ပြည်နယ်မှာပဲ အခြေချခွင့်ပေးမယ်ဆိုတဲ့အချက်ပါဝင်နေပြီး AA ဖက်က လက်ခံဖို့မဖြစ်နိုင်သလို နောက်ထပ်အဖွဲ့တွေနဲ့လည်း အကြိတ်အနယ်ဆွေးနွေးရဦးမယ့် အနေအထားမှာရှိတယ်လို့ စစ်ရေးနိုင်ငံရေးသုံးသပ်သူတွေက ပြောကြပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့ဟာ အစိုးရနဲ့ NCA စာချုပ်မှာလက် မှတ်မထိုးရသေးတဲ့အဖွဲ့တွေဖြစ်ကြပြီး Bilateral မှာ သဘောတူညီမှုရဖို့ တွန့်ဆုတ်နေတဲ့အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း လေးဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံပြီးနောက်ပိုင်း နောက် နှစ်လအကြာမှ မိုင်းလားဒေသ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မူဆယ်ဆွေးနွေးပွဲမှာ KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့က Bilateral အတွက် အဆိုပြုချက်တွေကို အစိုးရဆီ ပေးခဲ့လိုက်ဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က အဆိုပြုချက်တွေကိုတော့ ဇွန်လ ၃၀ ရက် မနေ့ကမှ ပြန်ပြီးပေးလိုက်တာဖြစ်ပါတယ်။
အစိုးရနဲ့ တပ်မတော်ဘက်က အဆိုပြုတဲ့အထဲမှာ TNLA တပ်တွေအားလုံး နမ့်ဆန်နဲ့ မန်တုန်မြို့နယ်၊ MNDAA တပ်တွေအားလုံး ဟုန်အိုင်းနယ်၊ AA တပ်အားလုံးက ကချင်ပြည်နယ် လိုင်ဇာမှာ လှုပ်ရှားနေရမယ်လို့ဆိုပြီး ပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
မိုင်းလားဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကို မေးကြည့်ရာမှာ အခုလို ပြောပါတယ်။
"ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ကနေပြီးတော့ proposal ပေးလိုက်တဲ့ အနေအထားလောက်မှာပါပဲ၊ ကျွန်တော်တို့ ဆွေးနွေးခဲ့တာမရှိဘူး အဲဒီ proposal ပေးလိုက်တာပဲရှိတယ်၊ အဲဒါတွေကိုလာမယ့် နှစ်ပတ် သုံးပတ် တစ်လလောက်အကြာမှာ သူတို့သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့အထဲမှာ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ပြန်ဆွေးနွေးနိုင်ဖို့ မျှော်လင့်တာပေါ့၊ အဲတော့ မနေ့က ဘာမှ မဆွေးနွေးရသေးတဲ့အတွက် ကျွန်တော်လည်း ဒီလောက်ပဲ ပြောနိုင်တယ်၊ ကျွန်တော်တို့က တော့အပြုသဘောဆောင်တယ် အကောင်းဖက်ပါပဲ"
အစိုးရနဲ့တပ်မတော်ဘက်က အဆိုပြုချက်တွေကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိ သေးပါဘူး။
အစိုးရနဲ့တပ်မတော်ဘက်က အဆိုပြုချက်တွေအရဆိုရင် တိုင်းရင်းသားအဖွဲ့ လေးဖွဲ့တို့ဘက်က သဘောတူနိုင်ဖို့ဆိုရင် အကြိတ်အနယ်ဆွေးနွေးနိုင်မှသာ ဖြစ်နိုင်မယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုး က ပြောပါတယ်။
"ထွက်လာတဲ့သတင်းတွေအရတော့ Bilateral proposal မှာ TNLA နဲ့ပတ်သက်ပြီးတော့ တပ်မတော်ရဲ့ အဆိုပြုချက်ရှိတယ်၊ ကိုးကန့်နဲ့ပတ်သက်ပြီးတော့ တပ်မတော်ရဲ့အဆိုပြုချက်ရှိတယ်၊ AA နဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့အဆိုပြုချက်ရှိတယ်ပေါ့၊ ဒါပေမဲ့ အဲဒါကတော့ အဆိုပြုချက်သက်သက်ပဲရှိပြီးတော့ တစ် စုံတရာ အပြန်အလှန်ဆွေးနွေးခြင်းမရှိဘူးလို့ ကြားရပါတယ်၊ နှစ်ဘက်လက်ခံနိုင်တဲ့ အဖြေတစ်ခုရှာဖို့က တော့ သိပ်တော့မလွယ်လှဘူးဗျ။ ကြိုးတော့ကြိုးစားရမှာပေါ့၊ နှစ်ဘက် proposal က အလှမ်းဝေးတဲ့ အတွက် နှစ်လအတွင်း ညှိနှိုင်းရုံနဲ့တော့ မရဘူးဗျ။ ဒီထက်ပိုပြီးတော့ အချိန်ယူရမယ်လို့ပဲ ထင်မိပါတယ်၊ AA အဖွဲ့ကတော့ ကျိန်းသေလက်မခံနိုင်ဘူးထင်ပါတယ်။ ကျန်အဖွဲ့တွေကလည်း အကန့်အသတ်တွေအများကြီး ရှိလိမ့်မယ် ထင်ပါတယ်၊ ဒါပေမဲ့ ကျန်တဲ့နှစ်ဖွဲ့ကတော့ တစ်စုံတရာ ဆွေးနွေးပြီးတော့ ပြေလည်မှုရအောင်ကြိုးစားဖို့ လွယ်ပေမယ့် AA နဲ့ပတ်သက်ရင်တော့ အကြိတ်အနယ် ဆွေးနွေးရလိမ့်မယ် ထင်ပါတယ်"
တစ်ချိန်တည်းမှာပဲ တပ်မတော်ဘက်ကလည်း ကချင်နဲ့ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ငါးခုမှာ တစ်ဖက်သက်အပစ်ရပ်စဲဖို့ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့အထိ နောက်ထပ် နှစ်လ သက်တမ်းထပ်တိုး ပေးလိုက်ပါတယ်။
ခုလို သက်တမ်းတိုးထားတဲ့ နှစ်လတာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အားလုံးတို့ကို ထိထိရောက်ရောက် အကျိုးရှိရှိနဲ့ လုပ်ဆောင်ကြဖို့အတွက် တိုက်တွန်းထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလို ပြောပါတယ်။
"နှစ်လတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ပတ်သက်လို့ ထုတ်ပြန် ကြေညာခဲ့တယ်၊ ဒါဆို သုံးကြိမ်ရှိပြီပေါ့၊ ကျွန်တော်တို့ ခဏခဏ ပြောတယ် မြန်မာ့သမိုင်းမှာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခဲ့တာ မရှိခဲ့ဘူး၊ ပထမလတွေ လေးလ နှစ်လ ပေါ့လေ ခြောက်လ၊ ခု နှစ်လ ထပ်တိုး ရှစ်လ ပေါ့၊ လေးလ နှစ်လ ခြောက်လ အတွင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ခဲ့သေးတယ်ဆိုပေမယ့် အားလုံးက မျှော်လင့်နေတဲ့ ရလဒ်မျိုးတော့ ထွက်မလာသေးဘူး၊ ကျန်တဲ့ နှစ်လအတွင်းမှာ ငြိမ်းချမ်းရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမှပဲ ပိုပြီးတော့ အကျိုးရှိမယ် ပိုပြီးတော့ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ထင်ပါတယ် ခင်ဗျ"
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း လေးဖွဲ့တို့ ဇွန်လ ၃၀ ရက်နေ့ မိုင်းလားတွေ့ဆုံပွဲမှာ ကိုယ် တိုင်တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဆီ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာမှာ ဆက်သွယ် လို့ မရခဲ့ပါဘူးခင်ဗျာ။
(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)