အာဏာသိမ်းပြီး ရှစ်လအတွင်း စက်သုံးဆီစျေး နှစ်ဆတက်

2021.09.30
အာဏာသိမ်းပြီး ရှစ်လအတွင်း စက်သုံးဆီစျေး နှစ်ဆတက် စစ်တွေမှာ ဆိုင်ကယ်ဆီဖြည့်နေသူတစ်ဦးကို ၂၀၂၁ အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရစဥ်
Photo: RFA

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက် ဒီနေ့အထိ ရှစ်လ အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ နှစ်ဆနီးပါးအထိ မြင့်တက်လာနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ဓတ်ဆီ အောက်တိန်း ၉၂ အမျိုးအစား တစ်လီတာကို ၆၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၇၀၅ ကျပ်ပဲရှိခဲ့ပေမယ့် တဖြည်းဖြည်းချင်းတက်လာရာက စက်တင်ဘာ ၃၀ ဒီကနေ့မှာတော့ အောက်တိန်း ၉၂ တစ်လီတာကို ၁၅၀၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၁၅၂၅ ကျပ်အထိ နှစ်ဆခန့် မြင့်တက်သွားပါတယ်။

ဒီဇယ်ဈေးနှုန်းတွေကလည်း ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင်အထိ တစ်လီတာကို ၆၅၅ ကျပ်နဲ့ ပရီမီယမ် ဒီဇယ် တစ်လီတာကို ၇၀၅ ကျပ်ပဲရှိရာကနေ ဒီကနေ့မှာတော့ တစ်လီတာ ၁၅၀၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တစ်လီတာ ၁၅၀၅ ကျပ်အထိ စျေးဖြစ်သွားပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက စက်သုံးဆီဈေးနှုန်းတွေကို ထိန်းချုပ်ဖို့အတွက် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းနဲ့ပေါင်းပြီး ပြင်ပပေါက်ဈေးထက် လျော့နည်းတဲ့ဈေးနှုန်းနဲ့ သတ်မှတ်ထားတဲ့ ဆီဆိုင်တွေမှာ ရောင်းချပေးသွားမယ်လို့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာဟာ အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုကြောင့်ဖြစ်တယ်လို့ လည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်း က RFA ကို အခုလထဲမှာပဲ ဖြေဆိုထားပါတယ်။

စက်သုံးဆီဈေး မြင့်တက်တာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရတဲ့ အဖိုးအခမြင့်တက်သွားပြီး ကုန်ဈေးနှုန်း တွေ တက်လာနိုင်သလို အခြေခံလူတန်းစားတွေအတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်း ဒေါက်တာ စိုးထွန်း က သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။