ဂမ်လန်ရာဇီတောင် ဒေသအတွင်း မှာ အမြင့်ဆုံးဖြစ်နိုင်
2013.11.20
မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ခါကဘိုရာဇီတောင်ဟာ လတ်တလော တိုင်းတာချက်အသစ်တွေအရ အမြင့်ဆုံးတောင်အဖြစ် ဆက်ရှိနေမလားဆိုတာ မသေချာတော့ဘူးလို့ သိရပါတယ်။ ဒုတိယအမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ဂမ်လန်ရာဇီတောင်ကို ပြန်လည်တိုင်းတာခဲ့တဲ့အခါ အရင်ကတိုင်းခဲ့တဲ့ အမြင့်ထက် ပိုပြီးမြင့်နေတဲ့အတွက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဘ၀ ၁၉၂၅ ခုနှစ်က တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်က ပေပေါင်း တစ်သောင်း ကိုးထောင်တစ်ရာ့လေးဆယ် အမြင့်ရှိပြီး၊ ခါကဘိုရာဇီတောင်က အမြင့်ပေ တစ်သောင်းကိုးထောင် နှစ်ရာကိုးဆယ့်ငါးပေ ရှိပါတယ်။ ဒါပေမဲ့ ၁၉၄၀ ပြည့်နှစ်တွေအတွင်း အမေရိကန်၊ ရုရှားနဲ့ တရုတ်မြေပုံတွေအရရော၊ ဒီကနေ့ GOOGLE ရဲ့ ဂြိုလ်တုမြေပုံမှာပါ ဂမ်လန်ရာဇီတောင်ရဲ့အမြင့်ဟာ အရင်က တိုင်းတာချက်ထက် ပိုမြင့်နေတာကြောင့် အမေရိကန် မြန်မာ ချစ်ကြည်ရေးတောင်တက်အဖွဲ့က ပြီးခဲ့တဲ့လက တက်ရောက်ပြီး ကိရိယာသစ်တွေနဲ့ တိုင်းတာခဲ့ကြပါတယ်။
အသစ်တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်ရဲ့အမြင့်ဟာ ပေပေါင်း တစ်သောင်း ကိုးထောင် နှစ်ရာ ငါးဆယ့်ရှစ်ပေ ရှိတဲ့အတွက် အရင်တိုင်းတာချက်ထက် ၁၁၈ ပေ ပိုမြင့်နေပြီး၊ ခါကဘိုရာဇီတောင်ကို ဒစ်ဂျစ်တယ်နည်းနဲ့ တိုင်းတဲ့အခါ မူလကထက် အမြင့်ပေ တစ်သောင်းကိုးထောင် နှစ်ဆယ့်ကိုးပေ သာရှိမယ်လို့ ခန့်မှန်းရကြောင်း တောင်တက်အဖွဲ့ခေါင်းဆောင် Andy Tyson ကပြောပါတယ်။ ဒီအတိုင်းမှန်မယ်ဆိုရင် ဂမ်လန်ရာဇီတောင်ဟာ မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသအတွက်ပါ အမြင့်ဆုံးတောင် ဖြစ်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ခါကဘိုရာဇီတောင်ကို တက်ရောက်ပြီး တိုင်းတာကြည့်မှ ဖြစ်မယ်လို့လည်းပြောပါတယ်။
ဂမ်လန်ရာဇီတောင်ကို တက်ရောက်တိုင်းတာခဲ့တဲ့ တောင်တက်အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခဲ့တာယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီအကြောင်း ပြည်တွင်းသတင်းမီဒီယာတွေက မဖေါ်ပြကြသေးသလို၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနကလည်း သတိပြုမိပုံမရဘူးလို့ AP သတင်းက ဖေါ်ပြပါတယ်။