စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ


2013.04.20
freedome-of-press-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဧပြီလ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်းတင်ပြခြင်းနဲ့ အကြံဉာဏ်တောင်းခံခြင်း အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်းတင်ပြခြင်းနဲ့ အကြံဉာဏ်တောင်းခံခြင်း အခမ်းအနားမှာ ပြည်ထောင်စု ဒုတိယဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီလိုကျင့်သုံး လိုက်ပြီးနောက်ပိုင်းမှာပေါ့လေ အခုအချိန်အထိ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသား မှုမျိုးတွေ တစ်စတစ်စများပြားလာနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်"

ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့မတ်လအထိ လောင်းကစားကိစ္စရပ်တွေကို အားပေးလှုံ့ဆော်တဲ့ ဂျာနယ်အမျိုးအစား ၁၃ မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ရေးသားချက်၊ ဖော်ပြချက်နဲ့ ဓာတ်ပုံတွေပါဝင်တဲ့ ဂျာနယ်အမျိုးအစား ၄၆ စောင်ထိတွေ့လာရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုပြီး နည်းဥပဒေတွေနဲ့ အသက်ဝင်လာတဲ့အခါမှာ ဒီအဆိပ်အတောက်စာပေတွေကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာပြုလုပ်တဲ့ အခမ်းအနားဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အကြံဉာဏ်တွေကို အခုလ ၃၀ ရက်နေ့ နောက်ဆုံးအထိ တောင်းခံခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအကြံပြုဆွေးနွေးချက်တွေကို ဥပဒေပြုရေးအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဥပဒေမူကြမ်းအတွက် အကြံဉာဏ်တောင်းခံတာတွေကို အခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ စုစုပေါင်း ၇၀ လောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။