မြန်မာပြည် လွတ်လပ်မှု တဆင့်တက်ဟု Freedom House ဖေါ်ပြ


2017.01.31
ကမ္ဘာတလွှားနိုင်ငံတွေရဲ့ လွတ်လပ်မှုအခြေအနေဟာ ပြီးခဲ့တဲ့ ၁၁ နှစ်မှာ နိုင်ငံအများစုက တောက်လျှောက် ဆုတ်ယုတ်မှုကို ပြခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့က မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှာ ၄၅ ရာခိုင်နှုန်းကသာ လွတ်လပ်မှုရှိတာတွေ့ရပြီး၊ ၅၉ ရာခိုင်နှုန်းက တစိတ်တပိုင်း လွတ်လပ်မှုသာရှိသလို၊ ၄၉ ရာခိုင်နှုန်းက လုံးဝမလွတ်လပ်သေးတာတွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာဆိုရင်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ တခြားဒီမိုကရေစီနိုင်ငံတချို့မှာ အမျိုးသားရေးဝါဒီတွေ၊
ထင်ပေါ်ကျော်ကြားရေးဝါဒီတွေရဲ့ နိုင်ငံရေးပါတီတွေ အားကောင်းလာတာတွေ့ရပြီး၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ မြောက်အာဖရိကနိုင်ငံတွေမှာတော့ လွတ်လပ်မှုအကင်းမဲ့ဆုံး အခြေအနေတွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့အရင်က လုံးဝမလွတ်လပ်သေးဘူးလို့ သတ်မှတ်တဲ့အဆင့်ကနေ၊ တစိတ်တပိုင်းလွတ်လပ်တယ်လို့ သတ်မှတ်တဲ့အဆင့်ကို ရောက်သွားသလို၊ နိုင်ငံရေးလွတ်လပ်ခွင့်မှာ အဆင့် ၆ ကနေ အဆင့် ၅ နေရာကို ရောက်သွားတဲ့အတွက် တဆင့်တိုးတက်သွားတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အတိုက်အခံ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရလိုက်တာ၊ အစိုးရအာဏာကို ငြိမ်းငြိမ်းချမ်းချမ်းလွှဲပြောင်းပေးလိုက်တာ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးလိုက်နိုင်တာ၊ နာမည်ကျော်ပုဒ်မ ၅ (ည) ဖျက်သိမ်းနိုင်မှုအပါအဝင်၊ ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တာ၊ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးနိုင်တဲ့ အခြေအနေတွေ ဖန်တီးနိုင် ခဲ့တာတွေကို လွတ်လပ်မှု အဆင့် ဘယ်လောက်ရှိ-မရှိ ဆိုတာတိုင်းတာဖို့ ထည့်သွင်းခဲ့တာတွေ့ရပါတယ်။

တဘက်မှာလည်း အောက်ခြေမှာရော၊ အထက်ပိုင်းမှာပါ လာဘ်စားမှုတွေရှိနေသေးပြီး၊ NLD အစိုးရသစ်က ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အစိုးရဝန်ထမ်းတွေအနေနဲ့ မြန်မာငွေ ၂ သောင်းခွဲထက်ပိုပြီး တံစိုးလက်ဆောင်မယူရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မနှစ်က ဧပြီလမှာ ညွှန်ကြားခဲ့တာကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။