လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ အခြေစိုက်တဲ့ Freedom House အဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို Freedom Award လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။

2011.10.27
aung-din-freedom-house-305 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့က ချီးမြှင့်သည့် Freedom Award လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆုကို USCB အဖွဲ့ တာဝန်ရှိသူ ဦးအောင်ဒင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံ ရယူနေစဉ်။ RFA
RFA

မနေ့ညက အခမ်းအနားကို အမေရိကန်အစိုးရ ဥပဒေပြု အမတ်တွေ၊ အစိုးရ ထိပ်ပိုင်း အရာရှိတွေ နဲ့ အဖွဲ့အစည်း အတော်များများက ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုကနေတဆင့် လွတ်လပ်မှု အခွင့်အရေး နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုကိုတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB က ဦးအောင်ဒင်က လက်ခံ ရယူခဲ့ပါတယ်။

USCB အဖွဲ့က ဦးအောင်ဒင်ကို ဆုနဲ့ပတ်သက်ပြီး မေးကြည့်ရာမှာတော့ -

“အဓိက အသိပေး ပြောချင်တာကတော့ဗျာ သူ့အနေနဲ့ အခုလို ဆုပေးခံရတာ ဂုဏ်ယူတယ် ဝမ်းသာတယ်။ ဒါပေမယ့် ဒီဆုဟာ သူ့တစ်ယောက်ထဲကို ရည်ရွယ်တာ မဟုတ်ဘူး။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုတာ ဖြစ်တယ် ဆိုတာကို သူပြောပါတယ်။ အခုလိုမျိုး ဆုပေးတယ်။ အဲဒီဆုကို သူကိုယ်တိုင် လက်ခံနိုင်စွမ်း မရှိဘူး။ သူ လက်မခံနိုင်ဘူး ဆိုတာက မြန်မာနိုင်ငံမှာ တော်လှန်ရေး မပြီးဆုံးမချင်း သူ ပြည်ပကို ထွက်လာဖို့ မရည်ရွယ်ဘူး။ ဒါသူ့ရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ ဆုံးခမ်းတိုင်အောင် ဆောင်ရွက်ဖို့ သူက ရည်ရွယ်ချက် ချထားတာကို”

မနေ့ညက Freedom House ရဲ့ အခမ်းအနားဟာ အဖွဲ့ရဲ့ နှစ်ပေါင်း ၇၀ ပြည့် နေ့နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Condoliza Rice ကလည်း ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယိုကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက် သတင်းယူခဲ့တဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်လက်တင်ပြတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။