၈၈ ကျောင်းသားခေါင်းဆောင်များ အမြန်ဆုံး လွတ်မြောက်ရေး မိသားစုတွေ ကြိုးပမ်း
2011.08.02

AFP
အရင် စစ်အစိုးရ လက်ထက် ကျောင်းသားခေါင်းဆောင်တွေကို ပြစ်ဒဏ် ချမှတ်ခဲ့တာတွေဟာ ဥပဒေနဲ့ မညီတဲ့အတွက် အခုလို စာတင်ရတာ ဖြစ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ လာမယ့် သတင်းပတ်အတွင်း စာတင်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း ရန်ကုန်မြို့က ဥပဒေအကျိူးဆောင် ဦးအောင်သိန်းကလည်း ပြောပါတယ်။
အစိုးရသစ်အနေနဲ့ ဒီတောင်းဆိုချက်ကို အလေးအနက်ထား မတုံ့ပြန်ဘူးဆိုရင် ၈၈မျိူးဆက် ကျောင်းသားတွေနဲ့ နိုင်ငံ ရေးလှုပ်ရှား သူတွေကို အာဃာတ တရားနဲ့ ဆက်ပြီး ထိန်းသိမ်း ထားတယ်ဆိုတာ သက်သေ ပြလိုက်တာပဲလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ကပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေ ကိုယ်တိုင်ကနေပြီးတော့ သူတို့ရဲ့ သားသမီးတွေ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်းပြီး ကြိုးစားကြတာ အင်မတန်မှကိုပဲ ကောင်းပါတယ်။ နောက်တခုက အဲသလိုမျိုး ကြိုးစားကြတယ် ဆိုရာမှာ ဥပဒေကြောင်းအရ ကြိုးစာကြတာတွေ ရှိတယ်။ ဆုတောင်းပွဲတွေ လုပ်နေတာတွေ ရှိတယ်။ အဲဒါမျိုးတွေက အင်မတန်မှကို သင့်တော်တယ်။ ဒါတွေကို တခြား သူတွေလည်း ပူးပေါင်းပြီး လုပ်ဆောင်မယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ အဖြေရလာနိုင်ပါတယ်”
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် (၉) ဦးဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် သြဂုတ်လမှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ် ၆ လစီ ချမှတ် ခံခဲ့ရပါတယ်။ သူတို့ကို တရားစီရင်ချက် ချမှတ်ချိန်မှာ မိသားစုဝင်တွေ တက်ရောက်ခွင့် မရသလို အကျိုးဆောင် ရှေ့နေတွေလည်း လိုက်ပါဆောင်ရွက်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။