မနီလာသိန်းအပါအဝင် ငါးဦးကို ရဲမှူး နေဝင်း က တရားလိုလုပ် အမှုဖွင့်
2019.05.22

ေမ ၂၀ ရက်နေ့က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းပွင့်က မနီလာသိန်းအပါအဝင် ငါးဦးကို ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှူး ရဲမှူးနေဝင်းက ပုဒ်မ လေးခုနဲ့ အမှုဖွင့်ထားပြီး ကိုယ်ပိုင်ခံဝန်တွေနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မေ ၂၀ ရက်နေ့က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ရုံးထုတ်မှာ သွားရောက်ဝန်းရံခဲ့တဲ့ မနီလာသိန်း၊ မရှားယမုံ၊ ကိုနန်းလင်း၊ ကိုနိုင်ကိုသူ၊ ကိုမင်းဟန်ထက်တို့ ငါးဦးဟာ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ပြည်သူ့ဝန်ထမ်း တာဝန်ဝတ္တရား ဆောင်ရွက်ချိန်မှာ ဟန့်တားနှောင့်ယှက်မှု ပုဒ်မ ၃၃၂ အပြင် ပုဒ်မ ၁၈၆ တို့နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။
အမှုဖွင့်ခံထားရသူတွေရဲ့ နေအိမ်တွေကို မနေ့ညက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေတာတွေရှိခဲ့ရာ ၈၈ မျိုးဆက် ငြိမ်းပွင့်က မနီလာသိန်းကို ရန်ကုန်မြို့ ၅၁ လမ်းမှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ ဗိုလ်တထောင်မြို့နယ် ရဲစခန်းကို ရဲတပ်ဖွဲ့က မနေ့ညက ခေါ်ဆောင်ခဲ့ပြီး ၈၈ မျိုးဆက်အဖွဲ့ဝင်တွေရဲ့ အာမခံနဲ့ လွှတ်ပေးခဲ့တာပါ။
ဒီနေ့ မနက်မှာတော့ ကျန်တဲ့ လေးဦးက အမှုဖွင့်ခံထားရတာနဲ့ပတ်သက်လို့ ဗိုလ်တထောင်မြို့မ ရဲစခန်းမှာ သွားရောက်ရှင်းလင်းခဲ့ပြီး ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လာခဲ့တယ်လို့ သိရပါတယ်။
အခုအမှုဖွင့်ခံရတဲ့ မနီလာသိန်း အပါအဝင် ငါးဦးဟာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေရဲ့ ဒီနေ့ ရုံးချိန်းကိုလည်း လာရောက်ဝန်းရံခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။