၈၈ ငြိမ်း/ပွင့် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီးကို စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး

2022.03.31
၈၈ ငြိမ်း/ပွင့် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီးကို စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင် တို့ မိသားစုကို တွေ့ရစဉ်
Photo: Citizen Journalist

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီး ဖြစ်သူ ဒေါ်မိမိခိုင် တို့ကို စစ်ကောင်စီတပ်သားတွေက မတ်လ ၃၀ ရက်၊ မနေ့က ည ၁၀ နာရီလောက်မှာ ပစ်ခတ် ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဦးထိန်မင်းခိုင်တို့ ဇနီးမောင်နှံဟာ မိတ္ထီလာမြို့နယ် ယင်းတော် မြို့နယ်ခွဲ၊ သာယာကုန်း ရပ်ကွက်မှာ တိမ်းရှောင်နေတာဖြစ်ပြီး အဲဒီနေရာကို စစ်ကောင်စီတပ်သားတွေ သိရှိ သွားတာကြောင့် လာရောက်ပစ်ခတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှာ ရတဲ့ဒဏ်ရာတွေကြောင့် မိတ္ထီလာ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

"လာဖမ်းတဲ့အချိန်မှာ သူတို့ လင်မယား နှစ်ယောက်လုံးက ထွက်ပြေးဖို့ ကြိုးစားတဲ့ အတွက် ပစ်လိုက်တယ်ပေါ့။ ပစ်လိုက်တော့ ကျည်ဆန်က ကျောကို ဖောက်တာလား၊ လက်မောင်းကို ဖောက်တာလား သေချာ မသိရဘူး။ ဒါပေမဲ့ လင်မယား နှစ်ယောက်လုံး ကို ကျည်ထိတယ်။ မနေ့ကည ၁၁ နာရီလောက်မှာ မိတ္ထီလာ စစ်ဆေးရုံကို သွားပြီးတော့ ကုတယ်။ ကုလည်းကု၊ စစ်လည်း စစ်ပေါ့။ ဖမ်းမိတဲ့ နေရာကနေ ခေါ်သွားတော့ သေနတ်ဒဏ်ရာ ရှိနေပေမယ့် ရိုက်နှက် ကြိမ်းမောင်းတာတွေ၊ ကန်တာတွေ ရှိတယ်"

ဒါ့အပြင် ဦးထိန်မင်းခိုင်တို့ ဇနီးမောင်နှံကို ခိုလှုံခွင့်ပေးထားတဲ့ နေအိမ်က အိမ်ရှင် ဦးကြားအောင်၊ သမီး ဒေါ်ထက်ထက်အောင်နဲ့ သမက်ဖြစ်သူ ဦးရှိုင်းမောင်မောင်တို့ကိုပါ စစ်တပ်က တစ်ခါတည်း ဖမ်းခေါ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တခြားတစ်နေရာမှာ ရှိနေတဲ့ ဦးထိန်မင်းခိုင်ရဲ့ သမီးဖြစ်သူ မသုပြည့်စုံ ဟာလည်း မနေ့ည ၁၂ နာရီလောက်မှာ အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးထိန်မင်းခိုင်နဲ့ သူ့အမျိုးသမီးဟာ စစ်အာဏာ သိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက ပုဒ်မ ၅၀၅ နဲ့ ဝရမ်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လမှာတော့ မိတ္ထီလာမြို့ထဲက ဦးထိန်မင်းခိုင်ရဲ့ အိမ်ကို စစ်တပ်က ဝင်ရောက် စီးနင်းတဲ့အခါ ရှောင်တိမ်းနေတဲ့ ဦးထိန်မင်းခိုင်တို့ လင်မယားကို မဖမ်းမိဘဲ အိမ်မှာရှိနေခဲ့တဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်က တတိယနှစ်ကျောင်းသား ကိုအောင်ခန့်မင်းထိန် အဖမ်းခံခဲ့ရပါတယ်။

ကိုအောင်ခန့်မင်းထိန်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ပုဒ်မ - ၅၀၅ နဲ့ တရားစွဲတင်ခဲ့တဲ့ အတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၉၉၉၁ ဦးရှိပြီး ၈၈၆ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။