ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို ကွပ်မျက်မိန့် ပြင်သစ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်

2022.06.05
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို ကွပ်မျက်မိန့် ပြင်သစ်နိုင်ငံက ဆန့်ကျင်ကန့်ကွက် ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို ကွပ်မျက်မယ်လို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့တာကို ပြင်သစ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်တယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်က စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အဲဒီ ကွပ်မျက်မယ် ဆိုတဲ့အမိန့်ကို အတည်ပြုကြောင်း ပြောကြားခဲ့တာကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဇွန်လ ၄ ရက် မနေ့က ထုတ်ပြန်လိုက်တာပါ။

ခုလိုအမိန့်ချလိုက်တာဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီး လွတ်လပ်မှုအတွက် ခုခံကာကွယ်သူတွေကို နောက်ထပ်ပစ်မှတ်ထားဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အနှစ်သုံးဆယ်ကျော် သေဒဏ်ပေးမှုဆိုင်းငံ့ထားတာကို ဖောက်ဖျက်တာဟာ ကြီးမားတဲ့ဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်ခုံရုံးတွေက သေဒဏ် ၁၁၃ မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့ ကြောင်း၊ ပြင်သစ်နိုင်ငံဟာလည်း ခုလို သေဒဏ်အမိန့်ကို ဆန့်ကျင်ကြောင်း ဖော်ပြထား ပါတယ်။

အာဏာသိမ်းမှု ရလဒ်ကြောင့် စစ်ကောင်စီဟာ နိုင်ထက်စီးနင်း ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ စစ်တပ်ကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ သက်ဆိုင်တဲ့သူတွေအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ စတဲ့ တောင်းဆိုချက်တွေကို ပြင်သစ်နိုင်ငံက ပြန်လည်တောင်းဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။

တရားမ၀င်တဲ့ စစ်ကောင်စီက ကျင့်သုံးနေတဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို ပြင်သစ်နိုင်ငံက လေးစားပြီး ဆက်လက်ထောက်ခံသွားပါမယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။