လေးပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးအကျဉ်းသားဟောင်း များ ထောက်ခံ
2013.12.30

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းချက်ကို ထောက်ခံကြောင်း (FPPS) နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်အကြီးအကဲတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အထောက်အကူပြုနိုင်တာအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အထောက်အကူပြုနိုင်တာကြောင့် အခုလို ထောက်ခံတာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
" ကာချုပ်လည်းပါမယ်၊ သမ္မတလည်းပါမယ်၊ လွှတ်တော်လည်းပါမယ် ဒီဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်လည်း ပါမယ်ဆိုတဲ့ အခါကျတော့ လေးပွင့်ဆိုင်တွေ့လိုက်ခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွန်းအားတစ်ခုလည်းဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအတွက်လည်း အားတစ်ခုဖြစ်မယ်၊ ရာခိုင်နှုန်းအပြည့်မဟုတ်ရင်တောင်မှ အတိုင်းအတာ တစ်ခုထိတော့ သက်ရောက်မှုရှိမယ်လို့ သုံးသပ်တယ်၊ ဒီအတွက်ကြောင့်မို့ အခြေနေနဲ့ အချိန်ခါအရ ဒါလိုလည်းလိုအပ်တယ်ပေါ့နော် ဒါစီစဉ်လိုက်တာဖြစ်ပါတယ်"
ဒါ့အပြင် ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီက ဦးရဲအောင်ကို RFA ဒေါ်စန်းစန်းတင် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။