ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ လူငယ်လေးဦး ရေနစ်သေဆုံး

RFA Burmese
2024.04.28
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတဲ့ လူငယ်လေးဦး ရေနစ်သေဆုံး ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ် သောကြာဒူးရွာအနီး ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ သေဆုံးသူတချို့၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာအနီးက ဧရာဝတီမြစ်ထဲမှာ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက အကောက်တောင်ကို ဘုရားဖူးလာကြသူတချို့ ရေဆင်းချိုးရာက လူငယ်လေးဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၁၅ နှစ်ကျော်အရွယ်တွေဖြစ်တဲ့ မောင်သွင်ညီညီဇော်၊ မောင်ဟိန်းစည်သူစိုး၊ မောင်သားလင်းလက်သာနဲ့ မောင်သော်ဇေယျာထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေအနက် ပေနှစ်ဆယ်နီးပါးရှိတဲ့နေရာကို ရေဆင်းကူးမိရာက ရေနစ်သေဆုံးသွားတာလို့ အမည်မဖော်လိုတဲ့ ကြံခင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"နေကလည်း အရမ်းပူနေတော့၊ မြစ်ဘေးခဏနားရင်း ရေဆင်းချိုးကြတာထင်တယ်။ မနက် ၈ နာရီကစပြီး ရေနစ်သွားတာ။ မနက် ၉ နာရီ ၅၀ မှ တစ်လောင်းစရတာ။ ငါးဦးကူးတာ တစ်ဦးပဲ အသက်ရှင်တယ်။ လေးဦးစလုံး သေသွားတာပေါ့၊ အဲဒီနေရာက ဒေသခံတွေတောင် ရှောင်ကြတာ။ ရေအနက်များတယ်"

ရေစီးသန်ပြီး ရေအနက် ပေနှစ်ဆယ်နီးပါးရှိတာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေး အသင်းတွေ၊ စေတနာဝန်ထမ်းနဲ့ ဒေသခံတွေပူးပေါင်းပြီး ခက်ခက်ခဲခဲ ရှာဖွေလိုက်ရတယ်လို့ ဆိုပါတယ်။

အလောင်းတွေကို လိုအပ်တဲ့ဆေးစစ်တာတွေလုပ်ဖို့ ဆိပ်သာတိုက်နယ်ဆေးရုံကို လူမှုကူညီရေးအသင်းကားတွေနဲ့ မနေ့ကတည်းက ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ မြန်အောင်မြို့နယ် အင်ပင်မြို့နယ်ကနေ မိသားစုလိုက် ပြည်ဘုရားဖူးလာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သောကြာဒူးရွာအနီးက ဧရာဝတီမြစ်ဆိပ်ကို အသက်အန္တရာယ်ရှိလို့ ရေမဆင်းချိုးဖို့အတွက် သင်္ကြန်ကာလ ပြီးကတည်းက တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။