ရခိုင် မြို့နယ် လေးခုမှာ အင်တာနက် ဆက်ပိတ်


2019.09.28
mobile-tower-622.jpg အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေ မှာ စက်တင်ဘာလဆန်းလောက်က အင်တာနက်လိုင်းပြန်ရခဲ့ပေမယ့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဒီနေ့အထိ အင်တာနက်မရသေးပါဘူး။ ဒီမြို့နယ်တွေမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ မကြာခဏရှိနေဆဲလည်းဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းက အင်တာနက် ဆက်လက်ပိတ်ထားဆဲမြို့နယ်တွေက ကျေးရွာတချို့မှာ ပြန်အသုံးပြုလို့ရနေပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်တွေ့မှာတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်မှာတော့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတချို့ ပြန်အသုံးပြုခွင့် ရတယ်လို့ သတင်းတွေကြားခဲ့တဲ့အတွက် RFA က အတည်ပြုမေးမြန်းတဲ့အခါမှာတော့ အရင်အတိုင်းပဲ ဆက်လက်ပိတ်ခံထားရဆဲဖြစ်ပါတယ်။

"မရသေးဘူး၊ မြောက်ဦးနဲ့ ကျောက်တော်ကြား အဲဒီက လွှတ်တော်အမတ်တွေကိုမေးကြည့်တာ၊ ပုဏ္ဏားကျွန်းလည်း မေးကြည့်တယ်၊ ကိုယ်တိုင်လည်း ပုဏ္ဏားကျွန်း မနေ့ကရှိတယ် မရသေးဘူး၊ မင်းပြားလည်း မရသေးဘူး၊ လေးမြို့နယ်စလုံး ဘာမှမထူးခြားသေးဘူး၊ ပုဏ္ဏားကျွန်းကတော့ သေချာတယ်၊ ကိုယ်တိုင်ရောက်ပြီးတော့ မနေ့က ကိုယ်တိုင်စမ်းပြီးတော့ သုံးခဲ့တာ၊ ပလက်ဝ၊ ရသေ့တောင်ရတယ်၊ ဘူးသီးတောင်ရတယ်၊ မောင်တောရတယ်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး နောက် ဒီပုဏ္ဏားကျွန်း မရတာ"

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ပြောသွားတာပါ။

ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာရှိတဲ့ ဒေသခံတချို့ကို RFA ကဆက်သွယ်မေးမြန်းတဲ့ အခါမှာလည်း သူတို့မြို့နယ်တွေမှာ အခုချိန်ထိ အင်တာနက် အသုံးပြုလို့မရသေးလို့ ပြောပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မိုဘိုင်းဖုန်း အင်တာနက် လိုင်းတွေကို ဇွန်လ ၂၁ ရက်နေ့ကတည်းက ယာယီဖြတ်တောက်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွန်ကြားထားတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel စတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေအားလုံးက အင်တာနက် အသုံးပြုမှု ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း အခုလိုပြောပါတယ်။

"ကျွန်တော်တို့ ယိုးတရုပ်မှာတော့ မရဘူး ဘယ်နေရာမှာမှ၊ အင်တာနက်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆိုမလဲ ဖွင့်ပေးမယ် ဖွင့်ပေးမယ်နဲ့ အခုထိကို ကျွန်တော်တို့ အဆင်မပြေသေးဘူး၊ ဟုတ်ကဲ့မရသေးဘူး၊ ကျွန်တော်တို့ လည်း မျှော်နေတာ အင်တာနက်လိုင်း ဆင့်ခေါ်ရမလားလို့၊ ဖုန်းလိုင်းတော့မိတယ်၊ အင်တာနက် လိုင်း မမိဘူး"

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေ ရပ်ဆိုင်းတာဟာ ယာယီသာဖြစ်ပြီး အခြေအနေတွေ ပြန်လည်တည်ငြိမ်တဲ့အခါမှသာ ပြန်လည်ခွင့်ပြုမှာ ဖြစ်တယ်လို့ RFA ကို ဇွန်လ ၂၂ ရက်နေ့က ပြောဆိုထားပါတယ်။

အင်တာနက်ပြန်ဖွင့်ပေးဖို့ ကျန်ရှိနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ် လေးခုနဲ့ပတ်သက်ပြီး အစိုးရ ဆက်သွယ်ရေး ဝန်ကြီးဌာနကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

အင်တာနက်လိုင်းမရတဲ့အတွက် ဒေသခံပြည်သူတွေ ကြုံတေ့ွရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ မင်းပြားမြို့ ပန်းမြောင်းကျေးရွာသား ကိုကျော်ဇင်က အခုလိုပြောပါတယ်။

နိုင်ငံခြားမှာရှိနေတဲ့ သားသမီးတွေနဲ့ မိဘတွေနဲ့ စကားပြောချင်တယ်ဆိုလို့ရှိရင် အင်တာနက်လိုင်း မရဘူးဆိုရင် ဖုန်းဘေလ်ကတအားကုန်တာပေါ့

"မရသေးဘူးအကို၊ ကျွန်တော်တို့ ဒီနေ့မနက်ပိုင်းကနေပြီးတော့  မြောက်ဦးမြို့နယ်မှာလည်း ရတယ်ဆိုလို့ အကုန်လုံးကို မေးကြည့်ပြီးပီအကို၊  တစ်နေရာမှာမှမရဘူး၊ ကျွန်တော်တို့ ဒီပန်းမြောင်းမှာလည်း မရဘူး၊  ဖုန်းကတော့ရပါတယ်အကို၊ ဒီအင်တာနက်ကို မရလို့ရှိရင် အခက်အခဲတွေတော့  အများကြီး ရှိတာပေါ့အကို၊ အဝေးမှာရှိတဲ့ ညီမမဆို သားသမီးမဆို  တစ်ဦးနဲ့ တစ်ဦး ဒီနိုင်ငံခြားမှာရှိနေတဲ့ သားသမီးတွေနဲ့ မိဘတွေနဲ့  စကားပြောချင်တယ်ဆိုလို့ရှိရင် အင်တာနက်လိုင်း မရဘူးဆိုရင်  ဖုန်းဘေလ်ကတအားကုန်တာပေါ့၊ လိုင်းရရင်တော့ နည်းနည်းပဲကုန်တယ်"

အဲဒီလိုပိတ်ထားတာဟာ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ ၁၀၁ ရက်မြောက်ပြည့်မှာဖြစ်လို့ ရခိုင်ပြည်နယ်က လူဦးရေ ၆၀၀,၀၀၀ ကျော်သောပြည်သူများအပေါ် စာနာကြောင်းနဲ့ စည်းလုံးမှုရှိကြောင်း ပြသနိုင်ဖို့ဆိုပြီး အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (Day 101 Internet Blackout Day ) လှုပ်ရှားမှုကို လွတ်လပ်သော ထုတ်ဖော် ပြောဆိုခြင်းမြန်မာ (Free Expression Myanmar)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business)၊ ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့ (MIDO) နှင့် ဖန်တီးရာတို့က ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အဲဒီနေ့မှာ မိုဘိုင်းဒေတာနဲ့ wifi တွေကို ၂၄နာရီတိတိ အသုံးမပြုတာ၊ အဲနေ့မတိုင်ခင် မိမိရုံး email နဲ့ တခြားသော အွန်လိုင်းပလက်ဖောင်းတွေမှာ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေအတွက် ကြိုတင်အသိပေး အကြောင်းကြား စာ ပို့ထားတာတွေကို ပြုလုပ်ပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်နိုင်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဒီလိုအင်တာနက်လိုင်း အသုံးပြုခွင့် အစိုးရက ပိတ်ပင်ထားတဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက်ထားပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။