ပေါင်းတည်မှာ ကျောင်းသား သပိတ်ထောက်ခံ ဆန္ဒပြသူ ၄ ဦး တရားစွဲခံရ
2015.03.04
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံကြောင်း ဆန္ဒပြတောင်းဆိုခဲ့သူတွေ ထဲက ၄ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပေါင်းတည်မြို့နယ်ရဲစခန်းမှူးက အမှုဖွင့်လိုက် ပါတယ်။
မြို့ခံတွေနဲ့ ကျောင်းသား ကျောင်းသူတချို့က မနေ့က ဆန္ဒပြရာမှာ ခွင့်ပြုချက် မတင်လို့ဆိုပြီး အမှုဖွင့်လိုက်တာဖြစ် တယ်လို့ အမှုဖွင့်ခံရသူတစ်ဦးဖြစ်သူ ကိုမိုးလှိုင်က ပြောပါတယ်။
"ကျနော်တို့မနေ့ကညနေ ၄ နာရီမှာ လက်ပံတန်းမှာ ဒီမိုကရေစီပညာရေး အတွက် ပေါ့နော်၊ သပိတ်မှောက်နေတဲ့ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ကို ပေါင်းတည်မှာရှိတဲ့ ဗကသတချို့နဲ့ပြည်သူ တချို့တောင်းဆိုတယ်ပေါ့လေ၊ တောင်းဆိုတဲ့အခါမှာ ကျနော်တို့ကဝိုင်းရံတဲ့အဖွဲ့ပေါ့လေ၊ အဲ့လိုဝိုင်းရံလို့ ကျနော်တို့ ၄ ယောက်ကို ခွင့်ပြုမိန့် မတင်လို့ ကျနော်တို့ကို ပုဒ်မ ၁၈နဲ့ တရားစွဲတယ်ဆိုတာကို ကျနော်တို့ ကိုခေါ်ပြောတယ်"
ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရသူ ၄ ဦးဟာ ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုခင်မောင်လှိုင်၊ ကိုချစ်ကို၊ ကိုရဲကျော်နိုင်နဲ့ ကိုမိုးလှိုင်တို့ဖြစ်ပါတယ်။
ပေါင်းတည်မြို့ဆန္ဒပြပွဲမှာ ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံသူ ၆၀ လောက်ရှိပါတယ်။