ABSDF ခေါင်းဆောင်ဟောင်းများ ကျဆုံးရဲဘော်များအတွက် အလှူဒါနပြု

ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ၁၉၈၈ ခုနှစ်ကစလို့ ရွှေဝါရောင် တော်လှန်ရေးနဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု တလျှောက်မှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းကို ရည်စူးပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်မှာ အမျှအတန်းဝေမှု ပြုလုပ်ခဲ့ပါတယ်။

2012.09.12
moe-thee-zun-donation-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ ပရိယတ္တိ စာသင်တိုက်တွင် ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်သည့် အဖွဲ့က ကျဆုံးရဲဘော်များအတွက် အလှူဒါနပြုပြီး အမျှဝေနေစဉ်။
RFA

ABSDF ခေါင်းဆောင်ဟောင်းတွေရဲ့ ဒီကနေ့ အလှူဒါနပြု အမျှဝေပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ အလှူရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးမိုးသီးဇွန်က RFA ကို အခုလို ပြောပါတယ်။

"မြန်မာဒီမိုကရေစီမှာ ကျဆုံးသွားတဲ့ သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ နောက်ပြီးတော့ ကျောင်းသား တပ်မတော်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက ကျဆုံးသွားတဲ့ ရဲဘော်တွေ နောက်တခုက ဗမာ့ တပ်မတော်က ပြည်တွင်းစစ် အတွင်းမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လူ့ဘောင်သစ်၊ ဗကသ၊ မကသ နောက်ကျောင်းသားသမဂ္ဂ အသီးသီးက ကျဆုံးသွားတဲ့ ရဲဘော်တွေကို ရည်စူးပြီးတော့ ကျွန်တော်တို့ ရေစက်ချ အမျှဝေတာ ဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ အထက် ဗမာပြည်က မနတရှိတယ်။ ဒမဖက ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး အမျှဝေတာလည်း ဖြစ်ပါတယ်"

ဒီအတွင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ ပြည်မြို့က နိုင်ငံရေးပါတီတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့   ပြည်မြို့ NLD ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ မိမိတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတာဟာ တရားဝင် နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းဖို့ ဖြစ်တယ်ဆိုတာ အလေးထား ပြောဆိုဆွေးနွေးခဲ့တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က RFA ကို ပြောပါတယ်။

"ပြည်ခရိုင်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့တာပါ။ အဲဒီမှာရှိတဲ့ NLD ကရဲဘော်တွေ တခြားအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ သူတို့နဲ့စုပြီး တွေ့တဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ကို ဘာကြောင့် ပြန်လာရသလဲဆိုတဲ့ ကိစ္စကို ကျွန်တော်ရှင်းပြပါတယ်။ ကျွန်တော် လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အမြင်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ဘာလုပ်ဖို့ စဉ်းစားနေလဲဆိုတဲ့ ကိစ္စကို ပြောပြပါတယ်။ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးကြပါတယ်ဗျ။ အုပ်ချုပ်ရေးဟာ အောက်ခြေအထိ မပြောင်းလဲသေးဘူး ဆိုတဲ့ကိစ္စတွေကို ဆွေးနွေးပါတယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ ဆက်ပြီးတော့ ခံစားနေရတယ် ဆိုတဲ့ကိစ္စတွေကို ဆွေးနွေးပါတယ်။ ကျွန်တော်တို့ ဒီကိုလာတာ တရားဝင် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရပ်တည်ဖို့ ကြိုစားတဲ့ အနေနဲ့လာတာ ဖြစ်ပါတယ်။ အဖြေအတိအကျကတော့ အစိုးရပိုင်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မတွေ့ရသေးလို့ မပြောနိုင်သေးပါဘူး"

ဦးအောင်မိုးဇော်ဟာ မနက်ဖြန် ပေါင်းတည်မြို့ကို သွားဖို့ရှိပြီး အဲဒီကနေ ရန်ကုန်ကိုပြန်မယ်လို့ သိရတယ်။ ဒီကနေ့ တွေ့ဆုံပွဲကို ပြည်မြို့ NLD ပါတီက စီစဉ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။