နိုင်ငံခြားသတင်းဌာန ၁၅ ခု ဘူးသီးတောင် - မောင်တောမှာ သွားရောက်သတင်းယူမည်
2017.07.12

ပြန်ကြားရေးဝန်ကြီးဌာနအစီအစဉ်နဲ့ နိုင်ငံခြားသတင်းဌာန ၁၅ ခုဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် -မောင်တောဒေသကို သွားရောက်သတင်းယူဖို့အတွက် ရန်ကုန်မြို့ကနေ ဒီကနေ့ ညနေမှာ စစ်တွေမြို့ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
ခရီးစဉ်က ၄ ညအိပ် ၅ ရက်ကြာမြင့်မှာဖြစ်ပြီး ဒီတစ်ကြိမ်က တတိယအကြိမ် သွားရောက်သတင်းယူဖို့ စီစဉ် ပေးတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ပြောပါတယ်။
"ခရီးစဉ်က ၄ ညအိပ် ၅ ရက်ပေါ့နော်၊ ဒီနေ့ညနေ လေယာဉ်နဲ့ သွားကြမယ်၊ ဒီနေ့ စစ်တွေမှာ အခြေပြု မယ်ပေါ့နော်၊ နောက်တစ်နေ့ကျလို့ရှိရင် ကျနော်တို့ ဘူးသီးတောင်ကို ဆက်ကူးမယ်၊ ဘူးသီးတောင်မှာ အခြေပြုမယ်၊ ပြီးရင် မောင်တော ကျနော်တို့ ဆက်ကူးမယ်၊ မောင်တောမှာ အခြေပြုမယ်၊ ၄ ရက်မြောက်နေ့ကျ စစ်တွေကို ပြန်လာမယ်၊ နောက်တစ်နေ့ကျ ရန်ကုန်ပြန်မယ်၊ တတိယအကြိမ်ကျတော့ ကျနော်တို့က ဘာကို အထူးပြုလိုက်လဲဆိုတော့ နိုင်ငံခြားသတင်းဌာနတွေထဲက နိုင်ငံခြားသတင်းထောက်တွေ၊ လက်ရှိ သွားနိုင်တဲ့အခြေအနေပေါ် မူတည်ပြီးတော့ ဖြစ်နိုင်မယ့် အင်အားနဲ့ ချင့်ချိန်ပြီးတော့ ပါနိုင်မယ့်လူလောက်ကို ခေါ်တဲ့သဘောပါပဲ"
နောက်ထပ်သွားရောက်ရေး အစီအစဉ်တွေမှာ လုံးဝမလိုက်ပါရသေးသူတွေကို တဖြည်းဖြည်းခေါ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီတစ်ခေါက်မှာ CNN၊ NIKKIE၊ KYODO NEWS၊ Xinhua၊ AP၊ FRONTIER၊ CNA၊ RFA၊ BBC၊ ABC၊ NHK၊ Reuters၊ MITV အစရှိတဲ့သတင်းဌာနတွေ ပါဝင်ပါတယ်။
ဘူးသီးတောင်-မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်း ၂၀၁၆ ဒီဇင်ဘာလတုန်းက တစ်ကြိမ်၊ ၂၀၁၇ မတ်လမှာတစ်ကြိမ် စုစုပေါင်း ၂ ကြိမ်သွားရောက် သတင်းယူဖို့ စီစဉ်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း ဦးမျိုးမြင့်မောင် က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကြိမ်တုန်းက ပြည်တွင်း/ပြည်ပ သတင်းဌာနတွေက မြန်မာနိုင်ငံသား သတင်းထောက်တွေနဲ့သာ သွားရောက်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ နိုင်ငံခြားသား သတင်းထောက်တွေကို ဦးစားပေးရွေးချယ်တာလည်း ဖြစ် တယ်လို့ သိရပါတယ်။