မွတ်ဆလင်ရွာတွေကို အစွန်းရောက်တွေ မီးရှို့တာလို့ နယ်လုံဝန်ကြီးပြော
2017.09.07

ရခိုင်ပြည်နယ်က မွတ်ဆလင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကြသူတွေဟာ ရွာခံတွေမဟုတ်ဘဲ အကြမ်းဖက် သင်တန်းတက်လာတဲ့ အစွန်းရောက်တွေဖြစ်တယ်လို့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မွတ်ဆလင်ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ဖုန်းတင့်က အခုလို ပြောတာဖြစ်ပါတယ်။
"ဒီမှာဖြစ်နေတဲ့ အကြမ်းဖက်သမားသည် ရွာခံမဟုတ်ပါဘူး။ တဖက်မှာ အကြမ်းဖက်သင်တန်း တက် လာတယ်။ ရွာကို အကျပ်ကိုင်တယ်။ ရွာကို ထိန်းချုပ်တာပေါ့။ ထိန်းချုပ်ပြီး သူတို့က ဘာလုပ်လဲဆိုတော့ ဒီကနေ ညွှန်ကြားပြီး အားလုံးထွက်၊ တစ်အိမ် တစ်ယောက် မထွက်မနေရ ဆိုတဲ့ဟာမျိုးနဲ့ ထွက်ခိုင်းပြီး မထွက်ရင် မီးရှို့တယ်။ ပြီးတော့ ဒီရွာကနေခံတိုက်လို့ မရလို့ရှိရင် ဒီလိုမျိုး လုံခြုံရေးလာရှင်းတာ ရွာကြောင့် သတင်းပေါက်တယ်။ ငါတို့ရှိတာ သိတယ်ဆိုပြီး ရွာကို ငြှိုးတယ်။ ရွာကို ငြှိုးတော့ မီးရှို့တယ်။ ပြီးတော့ သူတို့ သြဇာခံအောင်၊ အကြောက်တရားရောက်အောင် မီးရှို့တယ်။ ဒီပြည်သူတွေ မနေနိုင်ဘဲ ထွက်ပြေးမှ သူတို့ရဲ့ အကြံအစည်က အောင်မြင်တယ်။ ဒါမှနိုင်ငံတကာက ပြောလာမယ်ဆိုတော့ အဲဒါကြောင့် မီးရှို့တယ်"
အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ကျေးရွာပေါင်း ၅၉ ရွာက အိမ်အလုံးပေါင်း ၆၈၀၀ ကျော် မီးရှို့ဖျက်ဆီး ခံရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာ တိုင်းရင်းသားကျေးရွာ ၄ ရွာက အိမ် ၁၁၆ လုံး ဆိုင်ခန်း ၁၃ ခန်း၊ ကသဲ ရွာ ၁ ရွာက အိမ် ၄၉ လုံး၊ ဟိန္ဒူ ဘာသာဝင်တွေ နေထိုင်တဲ့ ရွာ ၁ ရွာက အိမ် ၃၆ လုံးနဲ့ မွတ်ဆလင် ရွာ ၅၃ ရွာက နေအိမ် ၆၆၄၁ လုံးနဲ့ ဆိုင်ခန်း ၃၁၁ ခန်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း အကြမ်းဖက်သမား ၃၈၇ ယောက်ကို အသေဖမ်းမိပြီး ၃၈ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက မနေ့က ထုတ်ပြန်ထားပါတယ်။