၅ လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရရှိ
2016.09.13

အစိုးရသစ်တာဝန်ယူပြီးနောက် ၅ လ အတွင်း ပြည်ပရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိထားပြီး အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရင်းနှီးမြုှပ်နှံမှုဆွေးနွေးပွဲမှာ ဦးအောင်နိုင်ဦးက ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ မှာ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေးနဲ့ အိမ်ရာအဆောက်အအုံကဏ္ဍတွေ အများဆုံးဖြစ်တယ်လို့ သတင်းမီဒီယာသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။
"အခုကျနော်တို့ သန်း ၉၀၀ နီးနီးရပြီ၊ ဆိုတော့ပြီးခဲ့တဲ့အစည်းအဝေးထိ ကျနော်တို့ သန်း ၉၀၀ ပါ၊ ဒီလအစည်းအဝေးထိုင်ပြီးရင်တော့ သန်း ၁၀၀၀ ကိုရောက်သွားမှာပါ၊ အဓိကကတော့ ကုန်ထုတ်လုပ်မှုများပါတယ်၊ နောက်ဆက်သွယ်ရေးကဏ္ဍပါ၊ တတိယကတော့ ဆောက်လုပ်ရေးပါ"
အဲ့ဒီအခမ်းအနားကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။