မြေလွတ်မြေရိုင်း နည်းဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းရေးတောင်းဆို

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အပါအဝင် တောင်သူလယ်သမား အရေး နဲ့ လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရ အနေနဲ့ မြေလွတ်မြေရိုင်း နည်းဥပဒေတွေ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။

2012.10.09
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်သည့် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်တစ်ဦး ပါဝင်ဆွေးနွေးနေစဉ်။
RFA

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီကနေ သဘောထားအမြင် ၁၀ ချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ကြတာပါ။  ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က RFA ကို အခုလိုပြောပါတယ်။

"စာရင်းထဲမှာ နာမည်မပေါက်တဲ့ တောင်ယာတွေက အများစု ဖြစ်နေတယ်။ ဆိုတော့ မြေလွတ်မြေလပ် မြေရိုင်းတွေကို နိုင်ငံခြားသားတွေကို မြေပုံပေါ်မှာ ကြည့်ပြီး ငှားရမ်းလိုက်မယ်ဆိုရင် တောင်သူလယ်သမားတွေ အတွက် တော်တော်လေး ပြဿနာတခု ထပ်ပြီးတော့ ရင်ဆိုင်ရမယ်ဆိုပြီး ကျွန်တော်တို့ စိတ်ပူတယ်ဗျ။"

ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ သဘောထားမှတ်ချက်တွေမှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေ နဲ့ပတ်သက်တဲ့ နည်းဥပေဒေတွေကို အများပြည်သူ သိရှိအောင် နိုင်ငံတော်အနေနဲ့ ထုတ်ပြန်ပေးဖို့၊ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တွေ အလိုက် မြေလွတ်မြေလပ်မြေရိုင်း ပမာဏတွေကို အများပြည်သူတွေ သိရှိအောင် ထုတ်ပြန်ကြေငြာပေးဖို့၊ ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ခွင့်ပေးရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် ထိမ်းညှိဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါဝင် တခြား တိုင်းရင်းသားပါတီတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လယ်သမား အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

လာမယ့် ၁၁ ကနေ ၁၃ ရက်နေ့ အထိ ကျင်းပဖို့ ရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ညီလာခံမှာ နိုင်ငံခြားသားတွေ အနေနဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပိုင်ခွင့်ရှိဖို့ အဓိကထား ဆွေးနွေးကြမှာလို့ သိရပါတယ်။ အဲဒီအစည်းအဝေး မတိုင်ခင် တိုင်းရင်းသားပါတီတွေ အပါအဝင် အဖွဲ့အစည်းတွေက စုပေါင်း သဘောထား ပေးပို့ကြတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။