ပုဏ္ဏားကျွန်းက ဒုက္ခသည်စခန်း ရိက္ခာပြတ်နေ
2021.01.22
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ကွင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ဇန်နဝါရီလအတွက် အစိုးရရဲ့ စားနပ်ရိက္ခာထောက်ပံ့မှု မရသေးလို့ ဆန်ရိက္ခာ ပြတ်လပ်နေတယ်လို့ စခန်းစီမံခန့်ခွဲရေးကော်မတီ ခေါင်းဆောင် ဦးမောင်အေးရွှေက RFA ကိုပြောပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေတစ်ဆင့် ပေးအပ်တဲ့ အစိုးရရဲ့ ဆန်ရိက္ခာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က နောက်ဆုံးရရှိခဲ့ပြီး ဇန်နဝါရီလအတွက် ပေးတာမရှိသေးလို့ ဆန်ရိက္ခာ အခက်အခဲဖြစ်နေတာ ငါးရက်ခန့်ရှိနေပြီလို့ ပြောပါတယ်။
မနေ့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လူတစ်ဦး ငွေတစ်သောင်းခွဲကျပ် လာရောက် ထောက်ပံ့ ပေးခဲ့တာကြောင့် အဲဒီငွေနဲ့ပဲ အခုရက်ပိုင်းတွေအတွက် စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းနေရတယ်လို့ ဦးမောင်အေးရွှေက ပြောပါတယ်။
ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်မှူး ဦးဝင်းဇော်ဌေးကတော့ ဒုက္ခသည်တွေ ကို အချိန်မီထောက်ပံ့ဖို့ ကြိုးစားနေကြောင်း၊ အခုလက်ရှိမှာ စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို ထောက်ပံ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်က စခန်းတွေကို ဆက်လက်ထောက်ပံ့မှာဖြစ်ကြောင်း ပြောပါတယ်။
စက်မှုဇုန်ကွင်းဒုက္ခသည်စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတော၊ ဒိုးတန်းနဲ့ ပလက်ဝမြို့နယ်က နှမဒါ၊ မီးလက်ဝ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၂၂၁ စုနဲ့ လူဦးရေ ၈၉၁ စု ခိုလှုံနေကြတာပါ။
ဒီစခန်းဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ထားတဲ့ စခန်းတစ်ခုဖြစ်ပေမယ့် သောက်သုံးရေ ဖြန့်ဝေတဲ့စနစ် မရှိတာကြောင့် ဒုက္ခသည်တွေဟာ အနီးအနားရွာတွေမှာရှိတဲ့ ရေကန်တွေကိုသွားရောက်ပြီး အသုံးပြုနေကြရပါတယ်။