ကံမမြို့နယ်မှာ ရေကြီးမှုကြောင့် ရွာသုံးဆယ်ခန့် ရေနစ်မြုပ်နေ

RFA Burmese
2024.07.24
ကံမမြို့နယ်မှာ ရေကြီးမှုကြောင့် ရွာသုံးဆယ်ခန့် ရေနစ်မြုပ်နေ မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Aung Kyaw Thu

မကွေးတိုင်း၊ ကံမမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းနားတစ်လျှောက်က ရွာပေါင်းသုံးဆယ်ခန့် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။

ကင်း၊ ထောက်ရှာခုံ၊ ကိုင်းခုံ၊ ရေလယ်ကျွန်း၊ ဓမ္မသော်၊ နံကပ်၊ မင်းပြင် စတဲ့ရွာတွေ ရေနစ်မြုပ်နေတဲ့အပြင် ဒေသခံတွေရဲ့ ပဲတီစိမ်း၊ မြေပဲနဲ့ နှမ်း ဧက နှစ်သောင်းခန့်လည်း ရေဝင်နစ်မြုပ်နေတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရေက တစ်တောင်လောက်တော့ ပြန်ကျသွားပြီ။ ဒါပေမဲ့ ရွာတွေက ရေမြုပ်နေတုန်းပဲ။ ဒီနှစ်ရေကြီးတာက ဆိုးဆိုးရွားရွားပဲ။ စာသင်ကျောင်းတွေလည်း ပိတ်ထားရတုန်းပဲ။ ပြီးတော့ ဒီဘက်မှာက ပဲတီစိမ်း အများဆုံးစိုက်တော့ ပဲတီစီမ်းခင်းတွေ အများစု ရေမြုပ်သွားတယ်”

မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Aung Kyaw Thu)
မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Aung Kyaw Thu)

ရေနစ်မြုပ်မှုကြောင့် ကံမမြို့နယ်ထဲမှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်း နှစ်ဆယ်ခန့်လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံမမြို့နယ်အပါအဝင် မကွေးတိုင်းက ရေစကြို၊ ဆိပ်ဖြူ၊ မင်းဘူး၊ ပွင့်ဖြူ၊ ရေနံချောင်း စတဲ့မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။

မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Aung Kyaw Thu)
မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Aung Kyaw Thu)

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီမြစ်ရေဟာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နဲ့ ဧရာဝတီတိုင်းထဲက ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တွေကလွဲရင် ကျန်မြို့တွေမှာ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားပြီလို့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်မှာ ဖော်ပြပါတယ်။

ဇူလိုင်လဆန်းပိုင်းကစလို့ ဧရာ၀တီမြစ် ရေကြီးရေလျှံမှုကြောင့် မြစ်ကြောင်းတစ်လျှောက်က မြို့ရွာတွေမှာ လူသောင်းချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါပျက်စီးတာနဲ့ လူသေဆုံးမှုအထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။