မောင်တောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွှားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

2012.06.10

မောင်တောမြို့မှာ ဒုက္ခသည်စခန်းအနေနဲ့ (၄) ခု ဖွင့်လှစ်ထားပြီး ဒီစခန်းတွေမှာ လာရောက် ခိုလှုံနေရသူတွေကို ဗဟိုကျောင်း၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းနဲ့ အမှတ် (၂) ရဲတပ်ရင်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။ အလိုတော်ပြည့် ကျောင်းမှာတော့ ကျေးရွာ(၃) ရွာက လူဦးရေ (၄၇၂) ဦးရှိပြီး၊ တချို့ရွာတွေက လူတွေ ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ ဆရာတော် ဦးမဏိသာရက အခုလို မိန့်ပါတယ်။

“ဒီမှာ ဒဏ်ရာရတဲ့သူတွေပါမယ်၊ နောက်တခါ ဝမ်းသွားတဲ့သူ၊ ဖျားနာတဲ့သူတချို့ အဲဒါတွေလည်း ပါတာပေါ။့ ထွက်ပြေးတဲ့နေ့က မိုးတွေမိကြတယ်ဆိုတော့ လူနာကတော့ ဒီမြို့ပေါ်မှာတင် ဦးဇင်းကျောင်းမှာ လူနာ(၁၀၀) ကျော်လောက်နဲ့ ပရဟိတကျောင်းမှာ (၃၂) ယောက် ဆိုပြီးတော့ အဲဒီလိုသိရတယ်။ ဟိုရဲတပ်ရင်းဘက်ကတော့ ဦးဇင်းတို့နဲ့ အလှမ်းဝေးသည့် အတွက်ကြောင့် မသိရပါဘူး။ ဗဟိုကျောင်းမှာကတော့ လူနာတယောက်မှ မရှိပါဘူး၊ ဦးဇင်းကျောင်းမှာ ပြည်ခွန်ပေါင်ရွာရယ်၊ တိုင်းသိရွာရယ်၊ နောက်တခါ ဥဒေါင်းငယ် ဆိုပြီးတော့ ရွာ(၃) ရွာရှိပါတယ်"

ဒီအလိုတော်ပြည့် ကျောင်းမှာတင် ပြည်ခွန်ပေါင်ရွာက အမျိုးသား (၁၇၀) ဦး၊ အမျိုးသမီး (၁၉၄) ဦး ရှိတယ်လို့လည်း သိရပါတယ်။ ဒီရွာတရွာထဲမှာတင် သေဆုံးသူ အမျိုးသား (၃) ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့  ဆရာတော်က မိန့်ကြားပါတယ်။

ဒုက္ခသည်စခန်းမှာ အဓိက လိုအပ်တာကတော့ ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။ လက်ရှိအနေနဲ့ မောင်တောမှာ ဆူဆူပူပူအသံတွေ ဆက်မကြားရပေမဲ့ တင်းမာမှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။