ဗကသ ကျောင်းသား ၅ ဦး ဝန်ကြီးများရုံးအနီး ရိုက်နှက်ခံရ


2015.01.17

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးကို ဒီကနေ့မနက် ၁ နာရီ ကျော်လောက်က ကုန်သည်လမ်းနဲ့ ၄၁ လမ်းထောင့် ဝန်ကြီးများရုံးအနီးမှာ လူဦးရေ ၃ဝ လောက်ပါဝင်တဲ့ အမည်မသိလူအုပ်စုက ရိုက်နှက်ခဲ့တာကြောင့် အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် တတိယနှစ်ကျောင်း သား ကိုအောင်သောင်းဦး ဦးခေါင်းခွံကွဲအက်ပြီး ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အတွင်း လူနာအဖြစ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အဲဒီအမည်မသိလူတစ်စုက ကျောင်းသားတွေကို ဆူပူတဲ့ကောင်တွေဆိုပြီး ပြောဆိုရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ရိုက်နှက်ခံရတဲ့အထဲမှာ ပါဝင်သူ ဗ.က.သ ကျောင်းသား အဖွဲ့ဝင် ကိုထက်လင်းက ပြောပါတယ်။

"ဘာကြောင့်ရိုက်တယ်ဆိုတာ ကျနော်တို့တွေရဲ့ ကျောင်းသားတစ်ယောက်က နိုင်ငံရေးအကြောင်းတွေ ပြောကြ ဆိုကြရင်းနဲ့ သူကမကျေနပ်တာ လမ်းမပေါ်မှာ တစ်ခွန်းအော်လိုက်မိတာ အဲ့ဒါကိုမကျေနပ်လို့ဆိုပြီး လာရိုက်တာ၊ အားလုံးအရိုက်ခံရတာတော့ ၅ ယောက်၊ ၄ ယောက်လောက်တော့ ပွန်းပဲရုံပဲ၊ တစ်ယောက်ကတော့ ခေါင်းကို အုတ်နီခဲနဲ့ ထုခံရတာ ခေါင်းကွဲသွားတယ်၊ ဦးခေါင်းခွံအရိုးအက်သွားတယ်၊ သူ့ကို ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အရေးပေါ်တင်ခဲ့တယ်"

အဲဒီလို ကျောင်းသားတွေအရိုက်ခံရတာနဲ့ ပတ်သက်ပြီး ဗ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့က ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှု ၊ ပုဒ်မ ၄ဝ၃ ပြစ်မှုမကင်းသော အလွဲသုံးစားလုပ်မှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ ဗိုလ်တစ်ထောင် ရဲစခန်းမှာ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါ တယ်။

အရိုက်ခံခဲ့ရတဲ့ ကျောင်းသား ၅ ဦးကတော့ ကိုအောင်သောင်းဦး၊ ကိုကျော်စွာလင်း၊ ကိုဗစ်တာ၊ ကိုထက်လင်းနဲ့ ကိုဟိဏ်းနေဇော်တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။