ရခိုင်ပြည်နယ် ငါးမြို့နယ်မှာ ညမထွက်ရအမိန့်ထုတ်


2019.04.02
mrauku-curfew-622.jpg ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြောက်ဦးမြို့ကို ၂၀၁၉ ဧပြီ ၂ ရက်နေ့ ည ၆ နာရီက တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ည မထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဒီနေ့ စတင်ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က သူ့အနေနဲ့ သိထားကြောင်း ပြောပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာဟာ တိုက်ပွဲတွေ ပိုပြင်းထန်လာမယ့် အခြေအနေကို ပြနေတာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သူ့အမြင်ကို ပြောပါတယ်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် လက်မှတ်နဲ့ ထုတ်ပြန်လိုက်တာပါ။

Confirm အမှန်ပဲ အဲတော့ အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုပေ့ါနော်။ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ် လိုက်တာ။ ဝန်ကြီးချုပ်ကိုယ်စား နယ်လုံဝန်ကြီးလေ သူကိုယ်တိုင်က လက်မှတ်ထိုးပြီး ထုတ်ထားတယ် ဆိုတော့လေ၊ ဒါကိုတရားဝင်အသိမှတ်ပြုပြီး လုပ်ထားတယ်ဆိုထဲက မြို့နယ်အုပ်ချုပ်ရေးမှူးတွေလည်း သိနေလောက်ပါပြီ။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ပြောသွားတာပါ။

နယ်မြို့တွေမှာ ညဘက်တွေ အပြင်ထွက်လေ့မရှိတာကြောင့် ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ဟာ စီးပွားရေးပိုင်းမှာ ထိခိုက်နိုင်မှုမရှိပေမယ့် ကျန်းမာရေးလိုအပ်ချက်အရ သွားလာဖို့လိုအပ်လာတဲ့အခါ အခက်အခဲတွေရှိနိုင်တယ်လို့လည်း ပြောကြပါတယ်။

ကျန်းမာရေး အရေးတကြီးကိစ္စဖြစ်နေတယ်။ ညမထွက်ရအမိန့်ဖြစ်နေရင် အရေးပေါ်ဖြစ်လာရင် သက်ဆိုင်ရာ အနေနဲ့က ဘယ်လိုပုံစံနဲ့တော့ သွားရလာရမယ်ဆိုတာကတော့ ညွန်ကြားဖို့လိုတာပေါ့။ အရေးပေါ်အတွက် ဘယ်လို ဘယ်လိုတော့ လုပ်ကြပါဆိုတာတော့ ညွန်ကြားချက်မှာ လုံးဝမတွေ့ရဘူး။ အဲဒါလေးတစ်ခုတော့ အခက်အခဲဖြစ်နိုင်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ရဲ့ ပြောကြားချက်ကို ကြားခဲ့ရတာပါ။

ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေမဖြစ်စေဖို့နဲ့ အုပ်ချုပ်ရေးယန္တရား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တိုက်ပွဲဖြစ်ပွားရာ ဒီနယ်မြေတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် လက်မှတ်နဲ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်မှာ ရေးသားထားပါတယ်။

ဒီအမိန့်ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က …

ကျနော်လည်း ကြားတော့ ကြားတယ် အတိအကျ သိချင်ရင်တော့ ပြည်နယ်အစိုးရကို မေးရမယ်။ သူတို့ညွန်ကြားချက်တွေပါမှာပေါ့ ညမထွက်ရအမိန့်ထဲမှာ စည်းကမ်းသတ်မှတ်ချက်တွေပါမှာပေ့ါ။

ဒီအမိန့်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အခုလိုပြောပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးချင်တဲ့ အဖွဲ့တွေကော သွားလာလှုပ်ရှားမှုတွေအကုန်လုံးက အခက်အခဲတွေ ဖြစ်သွားမှာပေါ့။ဒီလိုလုပ်လိုက်တဲ့အတွက် ကျနော်တို့ မြင်တာတော့ ပြဿနာက ငြိမ်းချမ်းတဲ့ဘက်ကို ဦးတည် တာထက် အဆိုးဘက်ကို ပိုပြီးဦးတည်သွားနိုင်တယ်။ ဗမာစစ်တပ်က လက်နက်ကော လူအင်အားကော ထပ်ပြီး ဖြည့်နေတာတွေ အများကြီးရှိတယ်။ ညမထွက်ရအမိန့်ကို ကြေညာလိုက်တဲ့အတွက် အခုထပ်ကြီးတဲ့ ထိုးစစ်တွေ ကို မြေလှန်စနစ်နဲ့ လုပ်တော့မယ်ဆိုတာ တွေ့နေရတယ်။

မြောက်ဦးမြို့ကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က

မြောက်ဦးကိုရောက်တော့ တောမြို့တွေရဲ့ ထုံးစံအတိုင်းပေါ့ ကားပေါ်မှာ လော်စပီကာတွေနဲ့ ချိတ်ပြီးတော့ မိုက်တွေနဲ့ လိုက်ကြေညာတာပေါ့နော်။ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ ထုတ်ပြန်တယ်ပေါ့။ တခြားဘာမှ reason တွေ ဘာတွေတော့ မပြောပါဘူး။

ရခိုင်ပြည်နယ်အတွင်း AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂သောင်းကျော်နေပြီလို့ အကူအညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေက ပြောကြပေမယ့် အစိုးရစာရင်းတွေအရ စစ်ဘေးဒုက္ခသည် ၁၇၀၀၀ ကျော် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

ဒီ ၅ မြို့နယ်အပြင် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာလည်း ၂၀၁၂  ခုနှစ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အချိန်ကတည်းက ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အမေရိကန်သံရုံးက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေဟာ ခရီးသွားလာဖို့ မသင့်တဲ့မြို့နယ်တွေဖြစ်ကြောင်း မတ်လကုန်လောက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးဌေးမောင်တို့ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ပုဒ်မ ၁၄၄ ဟာ ထုတ်ပြန်တဲ့နေ့ကစပြီး ၂ လအထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီသက်တမ်းပြည့်ပြီးနောက် ဆက်လက် ထတ်ပြန်မယ်ဆိုရင် ပြန်လည်ကြေညာရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။