ငါးမွေးမြူရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေ
2011.07.30
ဒေါ်လာနဲ့ကျပ်ငွေလဲနှုန်း ကျဆင်းတဲ့အတွက် ပြည်ပ တင်ပို့တဲ့ ကုမ္ပဏီတွေက ငါးတင်ပို့မှု လျော့ချလိုက်တဲ့အပြင် ငါးဈေးနှုန်းတွေကိုလည်း လျှော့ချ ဝယ်ယူတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အရင် ငါးမြစ်ခြင်း တပိဿာကို ကျပ်ငွေ ၂ ထောင်နီးပါး ဈေးပေါက်ရာကနေ အခုအခါ ၁၄ဝဝ ဝန်းကျင်သာ ပေါက်တဲ့အတွက် ဝင်ငွေလျော့နည်းလာပြီး ကုန်ကျစရိတ်နဲ့ မကာမိဘူး ဖြစ်လာတယ်လို့ လပွတ္တာမြို့နယ်အတွင်းမှာ ငါးမွေးမြူရေး လုပ်ကိုင်နေသူတဦးက ပြောပြပါတယ်။
ဒီကနေ့ ဒေါ်လာပေါက်ဈေးဟာ ၇၇၇ ကျပ်နှုန်း ပေါက်ပါတယ်။ ဒေါ်လာဈေးနှုန်းဟာ လွန်ခဲ့တဲ့ ၁ဝ လ လောက်အထိ ကျပ် ၁ ထောင် နီးပါး ရှိရာက တဖြည်းဖြည်း ကျဆင်းလာခဲ့တာပါ။
ငါးကန်အကြီးစား ငါးမွေးမြူရေးလုပ်ငန်းတွေကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာလည်း လုပ်ကိုင်နေကြပြီး စုစုပေါင်း ဧက ၁ သိန်း ၂ သောင်းကျော်ရှိတဲ့ ငါးမွေးမြူရေး လုပ်ငန်းအားလုံး ထိခိုက်မှု ရှိနေတယ်လို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။
မြန်မာနိုင်ငံက ထွက်တဲ့ ငါးတွေကို အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။ နှစ်စဉ် မြန်မာနိုင်ငံက ပင်လယ်ထွက်ပစ္စည်းနဲ့ ငါးပုစွန် တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄ ရာနဲ့ ၅ ရာအကြားမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရငွေလဲနှုန်း တဒေါ်လာ ၆ ကျပ် သတ်မှတ်ထားပေမယ့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေမှာ မြန်မာငွေနဲ့ ဒေါ်လာလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်းသာ လဲလှယ်နေတာ ဖြစ်ပါတယ်။ အခု မြန်မာအစိုးရကလည်း တရားဝင် ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြန်မာငွေကြေး ခိုင်မာလာတာ ကောင်းတဲ့အချက် ဖြစ်ပေမယ့် စီးပွားအဆောက်အဦ တခုလုံး စနစ်တကျ မရှိတဲ့အတွက် ငါးမွေးမြူရေး လုပ်ငန်းတွေမှာလည်း အဆင်မပြေ ဖြစ်ရတယ်လို့ အဲဒီ ငါးလုပ်ငန်းရှင်က ပြောပါတယ်။ ကုန်ကြမ်း ကုန်ကျစရိတ်တွေ သက်သာပြီး ဥရောပသမဂ္ဂလို နိုင်ငံတွေကို ငါး တိုက်ရိုက် တင်ပို့နိုင်ရင်တော့ တွက်ခြေကိုက်နိုင်တယ်လို့ ဆိုပါတယ်။
အခုအခါ မွေးမြူရေးလုပ်ငန်းတွေ ကျဆင်းတဲ့အတွက် ငါးမွေးတာတွေ လျှော့ချဖို့ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းကလည်း အကြံပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အလုပ်သမားတွေ လျှော့ချတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာလည်း တိုးလာတယ်လို့ အဲဒီ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
![]() |
အသံ နားဆင်ရန်။ |
![]() |
အသံဖိုင်ယူရန်။ |