အာဏာသိမ်းပြီးနောက် ပထမဆုံး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့သူ လေးဦး ထောင်ချခံရ
စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြလို့ အဖမ်းခံရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်ဟောင်း ကိုမင်းညီညီကွန်း အပါအဝင် လေးယောက်ကို အိုးဘိုထောင်တွင်းတရားရုံးက မေလ ၂၅ ရက်နေ့မှာ ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလစီ အမိန့်ချလိုက်ပါတယ်။
သူတို့လေးယောက်ကို ဖေဖော်ဝါရီ ၅ရက်နေ့မှာ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ တစ်ကြိမ် ရုံးထုတ်ခဲ့ပြီးနောက်ပိုင်း မန္တလေး အိုးဘိုထောင်တွင်း တရားရုံးမှာပဲ စစ်ဆေးခဲ့ရာကနေ မေလ ၂၅ ရက်နေ့မှာ အမိန့်ချလိုက်တာလို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်မြတ်အောင် က ပြောပါတယ်။
“ချမ်းအေးသာစံတရားရုံးမှာ ပထမဆုံး ရုံးချိန်းစခေါ်တယ်၊ အဲဒီကတည်းက တရားမျှတမှု မရလို့ဆိုပြီး မန္တလေးကပြည်သူတွေက အော်ဟစ်ဆန္ဒပြခဲ့ကြတာ။ အဲဒီကတည်းက တရားရုံးချိန်းတွေ လုံးဝနားသွားပြီး ထောင်တွင်းတရားရုံးဆိုတဲ့ပုံစံမျိုးနဲ့ သွားခဲ့ကြတာ၊ ဒီနေ့မှာပဲ အမိန့်ချတာပေါ့”
ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်ဟောင်း ကိုမင်းညီညီကွန်း၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က ကိုစောဥက္ကာဦး၊ ကိုရဲဝင်းထွန်း နဲ့ ကိုပြည့်စုံအောင်တို့ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အစိုးရကို အလိုမရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်က မန္တလေးမြို့ လမ်း ၃ဝ မှာရှိတဲ့ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာ တေဇာစန်းအပါအဝင် လူငယ် ၂ဝ ကျော် ဆန္ဒပြခဲ့ကြတာပါ။
၁၅ မိနစ်ကျော် ဆန္ဒပြကြွေးကြော်ပြီးနောက် လူစုခွဲစဉ်မှာ အဖမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။
သူတို့ ဖမ်းဆီးခံရတာ ၁၅လ ကျော်နေပြီဖြစ်ပြီး သူတို့ကို ချုပ်ရက်တွေ ထုတ်နုတ်ခံစားခွင့်ပြုထားတယ်လို့ သိရပါတယ်။