ကချင်ပြည်နယ်နေ့ အခမ်းအနား မုခ်ဦး မီးရှို့ခံရ
2019.01.07

၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပဖို့ ပြင်ဆင်ထားတဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်း အဝင်ဝ မုခ်ဦးတိုင်အောက်ခြေနေရာတွေကို မနေ့ညက မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန် က ပြောပါတယ်။
မီးရှို့သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဦးအင်ထုံခါးနော်ဆန် က ပြောပါတယ်။
ကချင်လူငယ်တစ်ဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်ကလည်း ပြည်နယ်အစိုးရက ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပဖို့အတွက် စီစဉ်တာကို ကြိုဆိုလက်ခံကြောင်း အခမ်းအနား ကျင်းပရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်သူတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အတွက် အခုလိုလုပ်တာဟာ သွေးကွဲအောင်လုပ်တာ ဖြစ်နိုင်ကြောင်း မီးရှို့ခံရတဲ့နေရာဟာ ကချင်အမျိုးသားအလံ ရှိတဲ့နေရာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။