စစ်တွေအနီး ဒုက္ခသည်စခန်းမီးလောင်

ရဲခေါင်မြင့်မောင်
2020.08.20

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်းမှာ မနေ့ည နေ ၆နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ မွတ်စလင် ဒုက္ခသည်တွေကို နေရာချထားတဲ့ လိုင်းခန်းတွေထဲက အိမ်ခန်း ၇၀ကျော် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒီ ဒုက္ခသည် စခန်းထဲက ဓာတ်ဆီရောင်းတဲ့ အိမ်တစ်အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ ဒုက္ခသည်တွေ နေထိုင်တဲ့ အဆောင် ၇ ဆောင်၊ တစ်ဆောင်ကို နေအိမ်ခန်း ၈ ခန်းနဲ့ စုစုပေါင်း အိမ်ခန်းပေါင်း ၅၆ ခန်း မီးလောင်ပျက်စီးသွားတယ်လို့ အုန်းတောကြီး မွတ်စလင်ဒုက္ခသည်စခန်းထဲက ဦးဘစိန်က RFA ကို ပြောကြားခဲ့ပါတယ်။

ညနေ ၆နာရီလောက်က စလောင်တဲ့မီးဟာ နောက်သုံးနာရီလောက်ကြာအောင် လောင်ကျွမ်းနေခဲ့ပြီးမှ မီးငြိမ်းသွားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာရှိတဲ့ အုန်းတောကြီး၊ သံတော်လီ နဲ့ ဒါးပိုင်ဒုက္ခသည်စခန်းတွေကို ၂၀၁၂ ခုနှစ်က တည်းက ဖွင့်ထားတာဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ဒုက္ခသည် တစ်သိန်းကျော် ခိုလှုံနေထိုင်ကြပါတယ်။ ၂၀၁၂ ခုနှစ်က ရခိုင်နဲ့ မွတ်စလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ် မီးလောင်ပျက်စီးသွားခဲ့တဲ့ မွတ်စလင်ဒုက္ခသည်တွေကို ယာယီ နေရာချထားဖို့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့  မွတ်စလင် ဒုက္ခသည်တွေဟာ စခန်းပြင်ပကို သွားလာခွင့် ကန့်သတ်ခံထားရပြီး၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေကို မှီခိုနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။