ပူတာအိုမှာ ဆေးမြစ်ရှာရင်း တောင်ပေါ်က ပြုတ်ကျလို့ လေးရက်အတွင်း လေးဦး သေဆုံး

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စားဝတ်နေရေးအတွက် ဆေးမြစ် (ဘေချီဥ) ရှာရင်း တောင်ပေါ်ကနေ ပြုတ်ကျသေဆုံးသူ လေးရက်အတွင်း လေးယောက် ရှိပြီလို့ ပူတာအို ဒေသခံတွေက ပြောပါတယ်။
ရာသီဥတု လမ်းခရီး ကြမ်းတမ်းတဲ့ ရေခဲတောင်ပေါ် ကျောက်ဆောင် ကမ်းပါးတွေမှာ စားဝတ်နေရေးအတွက် ဆေးမြစ် သွားရှာတဲ့ ဒေသခံတွေ မကြာခဏ ပြုတ်ကျ သေဆုံးရတာတွေ ရှိနေတယ်လို့ ပူတာအို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၂၆ ရက်နေ့က သုံးယောက်ပေါ့။ ဘေချီရှာရင်း တောင်ကမ်းပါးက ပြုတ်ကျပြီး သေတာ။ မနေ့ကလည်း ခေါင်လန်ဖူးက တစ်ယောက်ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ ရှိတာ”
မနေ့က စက်တင်ဘာ ၂၉ ရက်နေ့က သေဆုံးသွားသူကတော့ ခေါင်လန်ဖူးမြို့နယ်၊ ဆန်ဒမ်းကျေးရွာ အသက် ၂၀ အရွယ် မောင်ဒခွမ်ဆင်ကျော် ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ သေဆုံးသွားခဲ့ရသူ သုံးဦးကတော့ စက်တင်ဘာ ၂၆ ရက်နေ့က ပူတာအိုမြို့နယ် မလိခွမ်ကျေးရွာက ကိုယ်ဝန် လေးလ လွယ်ထားတဲ့ ကလေးသုံးယောက်မိခင် အသက်၂၈ နှစ်အရွယ် ဒေါ်နင်ဆာရ်း၊ အသက် ၄၀ အရွယ် ဦးဖုန်ဆိန်း၊ ဂျူဗလီကျေးရွာ ကလေး ရှစ်ယောက်အဖေ ဦးမဖန်းခင်တန်တို့ ဖြစ်ပါတယ်။
ဆေးမြစ် (ဘေချီဥ) ကလည်း ရေခဲတောင် တောင်ပေါ်ကမ်းပါးတွေမှာသာ ပေါက်တဲ့ အန္တရာယ်အရမ်းများပြီး တောင်ကမ်းပါးက ချော်ကျပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေ အဖြစ်များတာ လာတယ်လို့ ဆေးမြစ် ရှာဖွေသူ ပူတာအို ဒေသခံ ကိုလန်ဝမ်မုံရမ်က ပြောပါတယ်။
“သူက အမြင့်ပေ တစ်သောင်းကျော်လောက်ရှိတဲ့ ရေခဲတောင်ရဲ့အောက်ဘက်မှာ ပေါက်တာ။ တောင်ထိပ်မှာတော့ မပေါက်ဘူး။ အောက်ဘက် ရေခဲတောင်ကြားက ချောင်းရဲ့ နှစ်ဖက်က ကျောက်ကမ်းပါး ကျောက်ဖျာတွေမှာ ပေါက်တာ။ အဲဒါကြောင့် လူတွေ သေကြတာ။ ရလာရင်တော့ ရောင်းတာက ပူတာအိုမှာပဲ ရောင်းတာ။ ဝယ်လာတာ လောပန်းတွေက အလုအယက်ပဲ”
ဘေချီဥကို အဓိက တရုတ်တွေက ဝယ်ယူကြတာဖြစ်ပြီး အရင်က ဘေချီဥ အခြောက် တစ်ပိဿာကို ကျပ် ၃ သိန်းကျော်ပဲ ရတာကနေ အခုက တရုတ်ငွေဈေး တက်လာတဲ့ အတွက် ၉ သိန်းကနေ ၁၀ သိန်းကြားအထိ ရလာပါတယ်။
ဘေချီဥကိုတော့ တရုတ်တွေက အစာအိမ်ဆေးဖော်ရမှာ အသုံးပြုတယ်လို့ သိထားတယ် လို့လည်း မောင်လန်ဝမ်မုံရမ်က ပြောပါတယ်။
ပူတာအို ဒေသခံတွေဟာ အလုပ်အကိုင်ရှားပါးတဲ့အတွက် အမျိုးသမီးတွေအပါအဝင် ဒေသခံအများစုက လမ်းခရီးနဲ့ ရာသီဥတု ကြမ်းတမ်းတဲ့ ရေခဲတောင် ဒေသတွေမှာ ဆေးမြစ်ရှာတာကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ဘေချီဥရှာရင်း ကျောက်ကမ်းပါးပေါ်က ပြုတ်ကျသေဆုံးတဲ့သူ ရှစ်ဦး ရှိပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။