မိုးဗြဲတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၆၀ ကျော်သေဆုံးခဲ့လို့ KNDF ထုတ်ပြန်
ရှမ်းနဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့က ခြောက်ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၆၁ ယောက်သေဆုံးခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။
KNDF ဘက်ကလည်း ၅ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေတိုက်ပွဲတွေ စဖြစ်တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ ၆ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ KNDF ဘက်ကပြောပါတယ်။
မိုးဗြဲအခြေစိုက် ခမရ-၄၂၂၊ လွိုင်ကော်အခြေစိုက် ခလရ-၂၅၀၊ ခလရလ-၂၆၁ နဲ့ ဒီးမော့ဆို အခြေစိုက် ခမရ- ၄၂၇ တို့ကနေ တနေ့ကို အကြိမ် ၅၀၀ နီးပါးလောက်ပစ်ခတ်ခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။ စစ်လေယာဉ်တွေသုံးပြီးတော့ လေကြောင်း တိုက်ခိုက်မှု ၂၁ ကြိမ် လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ရဲ့ သံချပ်ကာကား ၂ စီး၊ လက်နက်ခဲယမ်းထောက်ပို့ကား ၃ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း KNDF ကပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံအရပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ မိုးဗြဲတိုက်ပွဲမှာ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့ စစ်သည်အချို့ရှိခဲ့တယ်လို့ ဝန်ခံပေမယ့် စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုတော့ ငြင်းဆိုထားပါတယ်။
တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်လာဖို့ရှိတာကြောင့် မိုးဗြဲ၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကို ခရီးမသွားကြဖို့ KNDF က သတိပေးထားပါတယ်။