ပူတာအိုမှာ လေးရက်ကြာ တိုက်ပွဲ ပြင်းထန်နေဆဲ

2022.02.21
ပူတာအိုမှာ လေးရက်ကြာ တိုက်ပွဲ ပြင်းထန်နေဆဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မေ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အင်စီယာန်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင် လွတ်လပ်ရေးတပ် (KIA) နဲ့ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေအကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက အင်စီယာန်ရွာအနီး စစ်ကောင်စီတပ်စခန်းတစ်ခု ဖြစ်တဲ့ ရှိန်ဂတ် ဘွမ်စခန်းဟာ စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးအဆင့် ကွပ်ကဲတဲ့ စခန်းတစ်ခုဖြစ်ပြီး KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နဲ့ PDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

"တိုက်ပွဲက ဒီစစ်တပ် ဆွမ်ပီယာန်စခန်း ခြင်းခတ်တောင်စခန်းကို PDF နဲ့ KIA ပူးပေါင်းပြီးမှ တိုက်ခဲ့တာလေ”

ဒီမနက်လည်း ရှိန်ဂတ်ဘွမ် စစ်ကောင်စီစခန်းကို (KIA) နဲ့ (PDF) ပူးပေါင်းပြီး ဆက်လက် တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“(ရှိန်ဂတ်ဘွမ်) တိုက်ပွဲက မနေ့ကနဲ့ ဒီနေ့။ မနေ့ကလည်း တစ်နေကုန်လို့ ပြောလို့ရ တယ်။ အခု ဒီမနက်လည်း အခုအချိန်အထိ အခုထိ တစ်ဒိန်းဒိန်း အသံကြားရတယ်။ ခုန ၁၀ နာရီခွဲကနေ အခု ၁၁ နာရီအထိ အသံတော့ ကြားနေရတုန်းပဲ။ တိုက်ပွဲက ဒီစစ်တပ် ဆွမ်ပီယာန်စခန်း ခြင်းခတ်တောင်စခန်းကို PDF နဲ့ KIA ပူးပေါင်းပြီးမှ တိုက်ခဲ့တာလေ”

ရွာမှာ ညဘက်အစောင့် တစ်ယောက်သာချန်ထားပြီး ရွာလုံးကျွတ် တောထဲတိမ်းရှောင်နေ ရတယ်လို့ အင်ဆီယာန်ရွာ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

“ဒေသခံပြည်သူတွေကတော့ ဘယ်လိုပြောရမလဲ အခုတလော ရွာမှာလည်း သိပ်မနေရဲ ကြဘူး။ မနက်ကျရင်လည်း ဝင်လာမှာစိုးလို့ အကုန်လုံးက တောမှာပဲရှောင်နေရတာ အခုတလော။ အဘိုး၊ အဘွားတွေရောနေတယ်လေ တောမှာ၊ သူတို့ ရွာမှာလည်း မကျန် ခဲ့ဘူး။ ကျွန်မတို့ရော အကုန်လုံး ရွာမှာ သိပ်မကျန်ခဲ့ဘူး။ ကလေးတွေမှာ တောမှာပဲ နေကြတယ် အခုတလောက။ ဖျားကြတာ ရှိတယ် တချို့ကလေးတွေ၊ တချို့အဘိုး၊ အဘွားတွေရော တူတူပါပဲ။ ရာသီဥတုကလည်း အေးနေတော့ မိုးလည်းရွာနေတော့ အဲဒီလိုမျိုးတွေရှိတယ်”

အင်စီယာန်ရွာဟာ လူဦးရေ ၂ဝဝ ကျော် နေထိုင်တဲ့ ရွာဖြစ်ပါတယ်။

အသက်ကြီးသူနဲ့ ကလေးငယ်တွေဟာ တောထဲကအအေးဒဏ်အပြင် မိုးရွာတာကြောင့် ဖျားနာနေပြီး ဆေးဝါးနဲ့ အစားအသောက် အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ရှိန်ဂတ်ဘွမ်စခန်းဟာ လွန်ခဲ့တဲ့ သုံးနှစ်က KIA ရဲ့ တပ်စခန်းဖြစ်ခဲ့ပြီး အဲဒီစခန်းကို ပြန်သိမ်းနိုင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ကချင်လွတ် မြောက်ရေးတပ် (KIA) ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါ တယ်။

“ဖေဖော်ဝါရီလ ၁ ရက်ကလည်း အဲဒီ ဆွမ်ပီယာန်ဘက်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲ ထားတဲ့နေရာကို ဝင်တိုက်တာ ရှိခဲ့ပါတယ်။ အခုလည်း အဲဒီရှိန်ဂတ်ဘွမ်မှာ ဝင်တိုက်နေ တယ်လို့ ပြောလို့ရပါတယ်။ အဲဒီ နေရာက အရင် KIA ထိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက စစ်ကောင်စီဘက်က သိမ်းပိုက်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ အတက်နိုင်ဆုံးတော့ ကြိုးစားရမှာဖြစ်ပါတယ်”

လက်ရှိတိုက်ပွဲ ဆက်ဖြစ်နေတာနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထား သလို ထိခိုက်၊ ကျဆုံး စာရင်းတွေကိုတော့ အတည်ပြုမပြောပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က သုံးယောက် ကျဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ တိုက်ခိုက်နေတဲ့ အမည်မဖော်လိုတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။ ဒေသတွင်းသတင်းမီဒီယာတွေက စစ်ကောင်စီ ဘက်က သေဆုံးနှုန်းများတယ်လို့ ဖော်ပြကြပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေး ပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့ကနေ စစ်သည်အင်အားတွေကို အင်စီယာန် ရွာနားက ရှိန်ဂတ်ဘွမ် စခန်းအတွက် ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

kia-kio.jpg
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မေ ၁၂ ရက်နေ့က တွေ့ရစဉ်) Photo: AFP

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ ဆွမ်ပီယာန်ရွာက စခန်းကို (KIA) နဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် အင်စီယာန်၊ ဆွမ်ပီယာန်၊ လုံရှာယာန် စတဲ့ရွာ တွေ အပါအဝင် အနီးနားရွာတွေက ဒေသခံ ခြောက်ထောင်ကျော်တို့ဟာ တောထဲက စစ် ရှောင်စခန်းတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး နောက်ထပ်လည်း စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပဲလို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါ တယ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း တကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း နှစ်သောင်းခန့်အထိရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီသူ တွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။