ကန်ပက်လက်မှာ တစ်နေကုန် တိုက်ပွဲပြင်းထန်
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မဆာတွီရွာနဲ့ မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းရွာတွေကြားမှာ စစ်ကောင်စီနဲ့ ချင်းဒေသခံ CDF တပ်ဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လျှက်ရှိတယ်လို့ ကန်ပက်လက် CDF က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက် ဒီကနေ့ မနက် ၈ နာရီလောက်ကစပြီး ညနေ ၄ နာရီလောက်ထိ တစ်နေကုန်တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
ကန်ပလက် CDF အဖွဲ့ကနေ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
စစ်ကြောင်းယာဉ်တန်း အလစ်ဝင်တိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးပြီး အများအပြားလည်း ဒဏ်ရာရသွားကြတယ်လို့ CDF ဘက်က ခန့်မှန်းပါတယ်။
CDF ဘက်က သေဆုံး ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။စစ်ကောင်စီဘက်ကတော့ ဒီနေ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ ထုတ်ပြန်တာ မရှိသေးပါဘူး။
တိုက်ပွဲဖြစ်တဲ့ ဆွဲလွဲကျင်းနဲ့ မဆာတွီရွာတွေကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီကနေ့ည စခန်းချတပ်စွဲ ညအိပ်ဖို့ ရှိတယ်လို့လည်း CDF ကပြောပါတယ်။ RFA အနေနဲ့ ဒေသခံတွေနဲ့ သီးခြား အဆက်အသွယ်မရသေးပါဘူး။
တိုက်ပွဲတွေ ဆက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ ခရီးသွားလာတာတွေ မလုပ်ဖို့၊ စစ်ရေးသတင်းတွေကို မလိုအပ်ဘဲ လူမှုကွန်ရက်စာမျက်နှာတွေပေါ် မတင်ကြဖို့ CDF က မေတ္တာရပ်ခံထားပါတယ်။