ပဲခူး KNU ထိန်းချုပ်နယ်မြေထဲ တပ်မတော် ဝင်ရောက်ပစ်ခတ်ခဲ့ တယ်လို့ KNU ထုတ်ပြန်

ကျော်လွင်ဦး
2021.01.19
ပဲခူး KNU ထိန်းချုပ်နယ်မြေထဲ တပ်မတော် ဝင်ရောက်ပစ်ခတ်ခဲ့ တယ်လို့ KNU ထုတ်ပြန် Photo - ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ (KNU) နှစ် ၇၀ ပြည့် အခမ်းအနားမှာတွေ့ရတဲ့ KNU တပ်ဖွဲ့ဝင်များ
Photo- AFP

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ပကော်ခီးကျေးရွာထဲကို တပ်မတော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဒီကနေ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ KNU သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဒေသခံတွေထွက်ပြေးနေကြရပြီး ရွာမှာအိမ်မွေး တိရိစ္ဆာန်တွေကို အစာကျွေးဖို့ ကျန်ခဲ့တဲ့ ရွာသားတစ်ဦး ပေါင်နှစ်ဖက်နဲ့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်းဆိုပါတယ်။

ဒီလိုတပ်မတော်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တယ်ဆိုတဲ့ KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူက ငြင်းဆိုပါတယ်။

တပ်မတော်အနေနဲ့ ပွင့်လင်းရာသီရောက်ရင် ရိက္ခာပို့ဖို့အတွက် လမ်းဟောင်း ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေတာကို KNU ဘက်က ချောင်းမြောင်း ပစ်ခတ်တာတွေကြောင့် ပြန်လည်ပစ်ခတ်ခဲ့တာတွေပဲ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မတော်တပ်ရင်း ခမရ (၆၀၃) တပ်ဖွဲ့ ရွာထဲကို ဝင်ပစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာလည်း တပ်မတော်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကျောက်ကြီးမြို့နယ် ဃဲဒဲကျေးရွာအုပ်စုက ကျောင်းဆရာ ၁၀ ဦး၊ကျောင်းသား ၈၅ ဦးတို့ ကျောင်းပိတ် ထွက်ပြေးနေရသလို၊ ဒေသခံ (၁၈၅) ဦးလည်း ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

KNUတပ်မဟာ (၃) တည်ရှိတဲ့ ညောင်လေးပင်ခရိုင်အတွင်း ဒီဇင်ဘာလကုန်ပိုင်းကနေ ဒီနေ့အထိ တပ်မတော်နဲ့ KNU တို့ကြား ပစ်ခတ်မှုတွေကြောင့် လူဦးရေရှစ်ရာနီးပါး နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။