တစ်လအတွင်း တိုင်းသုံးတိုင်းမှာ မီးရှို့အသတ်ခံရသူ ၂၁ ဦးရှိကြောင်း NUG ထုတ်ပြန်
2023.03.02

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအတွင်း မီးရှို့သတ်ဖြတ်ခံရသူ ၂၁ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနက မတ်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မီးရှို့အသတ်ခံရသူ ၁၉ ဦး၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းမှာ တစ်ဦးစီ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကိုင်း၊ ချင်း၊ မကွေး၊ပဲခူး၊ ကရင်နဲ့ တနင်္သာရီတိုင်း အတွင်းမှာ ဖေဖော်ဝါရီလ တစ်လအတွင်း မီးလောင် ပျက်စီးတဲ့နေအိမ် ခုနှစ်ထောင့်နှစ်ရာနီးပါး (၇၁၅၈) လုံးရှိခဲ့တယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းက နေအိမ် ၆၆၆၂ လုံးနဲ့ မီးလောင်ပျက်စီးမှုအများဆုံးဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက စာသင်ကျောင်း ၁၀ ကျောင်း၊ ဘာသာရေးအဆောက်အဦ လေးခု၊ ဆေးရုံနှစ်ရုံနဲ့ ဆေးပေးခန်းတွေ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်နဲ့ မကွေးတိုင်းမှာ ဘာသာရေးအဆောက်အဦ တစ်ခုစီနဲ့ တနင်္သာရီတိုင်းမှာ စာသင်ကျောင်းတစ်ကျောင်းမီးရှို့ခံရတယ်လို့ ပြောပါတယ်။
ဒီတိုင်းနဲ့ပြည်နယ် ၆ ခုလုံးမှာ တစ်လအတွင်း မီးရှို့ခံရတဲ့အကြိမ်အရေအတွက်က ၉၃ ကြိမ်အထိရှိခဲ့ပါတယ်။
ဒီလိုမီးရှို့ဖျက်ဆီးမှုတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရကပြောထားပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ငါးသောင်းခွဲကျော် (၅၅,၄၈၄ ) လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။