FDA ညွှန်ချုပ်ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်


2018.04.20
dr-thanhtut-fda-622.jpg FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကို တွေ့ရစဉ်
Photo: RFA

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကို ငွေကျပ်သိန်းတစ်ထောင့်ငါးရာကျော် အလွဲသုံးစားလုပ်ခဲ့မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူထားပါတယ်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်က ဦးဟန်ညွန့်က ဒီနေ့ RFA ကိုအတည်ပြု ပြောခဲ့ပါတယ်။

"ဒေါက်တာသန်းထွဋ်ကို အမှုဖွင့်ထားပါတယ်ခင်ဗျ၊ ၎င်းရဲ့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုတယ်လို့ ကျနော်တို့ ဖော်ပြထားပါတယ်၊ အဲဒါထက်ပိုပြောလို့မရလို့ပါ၊ တိုင်ချက်အတိုင်းရေးထားပါတယ်၊ ရဲစခန်းက ထိန်းသိမ်းသွားပြီလို့သိရပါတယ်၊ ဇဗ္ဗူသီရိ ရဲစခန်းကပါ’’

ဒေါက်တာသန်းထွဋ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အဆောက်အဦးတွေ အရည်အသွေးမပြည့်တာ၊ ပြည်သူ့ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက် သုံးစွဲနေတယ် ဆိုတာတွေကို ဖော်ထုတ်စစ်ဆေးပေးဖို့  တိုင်ကြားလာတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးဖော်ထုတ်ခဲ့တာလို့ ကော်မရှင်ရဲ့လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ ပြီးခဲ့တဲ့နှစ်၂၀၁၇ ခုနှစ်အတွင်းမှာ သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွှေကြာပင်ရပ်ကွက်မြေ ကွက်ပေါ်မှာ အိမ်ဆောက်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ နောက်ထပ် သူပိုင်ဆိုင် တဲ့ နေပြည်တော် ရွာသစ်ရွာက မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံတာ၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင် ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခုတို့အတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း တစ်ထောင့်ငါးရာကျော် ကို အဆောက်အဦဆောက်လုပ်ဖို့ တင်ဒါအောင်မြင်တဲ့ ရဲတိုက်မြို့တော် ကုမ္ပဏီကို မပေးခဲ့ဘဲ အာဏာအလွဲသုံးစားလုပ်ခဲ့တာတွေကို စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

ဒါကြောင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ ဧပြီလ ၂၀ ရက် ဒီကနေ့မှာ ပထမသတင်းပေးတိုင်ချက် ဖွင့်လှစ်ခဲ့ပြီး ဒေါက်တာသန်းထွဋ် ကို ဖမ်းဆီးအရေးယူပေးဖို့ တိုင်ကြားထားတာဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်ကို အခုညနေပိုင်း အချိန်ထိဖမ်းဆီးထားခြင်း ရှိ မရှိကို နေပြည်တော် ဇဗ္ဗူသီရိရဲစခန်းက ထုတ်ဖော်ပြောဆိုတာတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။