FDA ညွှန်ချုပ်ဟောင်းကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် လေးနှစ် အမိန့်ချ
2021.02.04

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ FDA အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ် အမှုကို သုံးနှစ်နီးပါး စစ်ဆေးခဲ့ ပြီးနောက် မန္တလေးတိုင်းတရားလွှတ်တော်က ဒီနေ့ ထောင်ဒဏ် လေးနှစ် အမိန့်ချလိုက်ပါတယ်။
ဒီကနေ့အမိန့်ချအပြီးမှာ ဒေါက်တာသန်းထွဋ်က အပြစ်မရှိဘူးလို့ ယူဆတာကြောင့် အယူခံတက်သွားမယ်လို့ ပြောပါတယ်။
"ဘာအပြစ်မှမရှိဘူး၊ နိုင်ငံတော်တာဝန်ကို နှစ်ပေါင်း ၄၀ ထမ်းဆောင်ခဲ့တယ်။ တရားရုံးက လုပ်ထုံး လုပ်နည်းအတိုင်း အမိန့်ချတာ ပြောစရာမရှိဘူး။ အထက်ကိုဆက်တက်မယ်။ ဝဋ်ကြွေးကြောင့်လို ခံယူတယ်။ ဥပဒေအတိုင်းခံယူမယ်"
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲခန်း နှစ်လုံးနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ခရိုင်အသီးသီးက ဝန်ကြီးဌာနရုံး အဆောက်အဦး ၁၂ လုံးကို ၂၀၁၇ ခုနှစ်က တည်ဆောက်ခွင့် တင်ဒါချပေးခဲ့ပါတယ်။ အဲဒီ တင်ဒါအောင်တဲ့ ရဲတိုက်မြို့တော် ကုမ္ပဏီတွေထံကနေ ငွေကျပ်သိန်း ၁၅ဝဝ ကျော် တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ဒေါက်တာသန်းထွဋ်က အာဏာအလွဲသုံးစားလုပ်ပြီး ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒေါက်တာသန်းထွဋ်ဟာ သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွှေကြာပင်ရပ်ကွက် မြေကွက်ပေါ်မှာ အိမ်ဆောက်ဖို့ အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ နောက်ထပ် သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွာသစ်ရွာက မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံတာ၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခုတို့အတွက် စုစုပေါင်း ငွေကျပ်သိန်း တစ်ထောင့် ငါးရာ ကျော်တန်ဖိုးကို ရဲတိုက်မြို့တော်ကုမ္ပဏီကို ငွေကြေး မပေးဘဲ အာဏာအလွဲသုံးစားလုပ်ပြီး ခိုင်းစေခဲ့တာလို့ ကော်မရှင်က ပြောထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားတယ်၊ ထောင်ဒဏ်ကနေ ချုပ်ရက်တွေကို ထုတ်နုတ်ကျခံစေရန် အမိန့်ချလိုက်တယ်လို့ မန္တလေးတိုင်း တရားလွတ်တော်က တရားရုံးပြန်ကြားရေးအရာရှိ ဦးနေမျိုးကိုက ပြောပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုလုပ် တိုင်ကြားခဲ့တာဖြစ်ပြီး ဒီအမှုအတွက် တရားလိုပြသက်သေ ၃၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
ဒေါက်တာသန်းထွဋ်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။