တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ပေးဖို့ တောင်းဆို

ခရမ်းမြို့နယ်အတွင်းက တောင်သူ လယ်သမား တရာကျော်ဟာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ပေးဖို့နဲ့ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုလိုက်ကြတယ်လို့ သိရပါတယ်။

2010.10.23
farmer_buffalos_305_z လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ခရမ်းမြိုှု့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်စည်း အဖွဲ့ဝင် ဦးမြအေး နေအိမ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီမှာ တွေ့ဆုံကြပြီးနောက် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တောင်သူလယ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ တာဝန်ခံ ကိုမင်းသိန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“မြေလွတ် မြေရိုင်းများ၊ အဲ့ဒီဥစ္စာတွေကို တကယ့် အနစ်နာခံထားရတဲ့ တောင်သူလယ်သမားများ၊ အဲ့ဒါကို ပြန်ပေးဖို့ရယ်၊ နောက်တချက် တောင်သူလယ်သမား သမဂ္ဂ ပေါ်ပေါက်ရေးပေါ့နော်။ တောင်ယာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲ ရှိတဲ့အတွက် ကျနော်တို့က တောင်သူလယ်သမား သမဂ္ဂက ပေါ်ပေါက်မှ ဖြစ်မယ် မပေါ်ပေါက်လို့မရဘူး၊ အဲ့ဒါကို တောင်းဆိုတာ”

ဒီ တောင်းဆိုချက်တွေကို ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အပါအဝင် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် ပါတီတွေကို ပေးပို့သွားမှာ ဖြစ်သလို ရွေးကောက်ပွဲပြီးနောက်ပိုင်း နောင်တက်လာမယ့် အစိုးရသစ် တရပ်အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာလည်း ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ခရမ်းမြို့နယ်အတွင်း သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း သုံးရာကျော် ရှိနေပြီး မူလ လယ်ပိုင်ရှင်တွေနဲ့ လယ်လုပ်ကိုင်သူတွေ နစ်နာနေကြရတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့လည်း ကိုမင်းသိန်းက ဆက်ပြောပါတယ်။

“အနှစ် ၂၀ ရှိပြီ၊ လယ်သမားကြီး ဦးလှထွန်း ဆိုရင်။ သူ့လယ်ကို သိမ်းပြီးတော့ သူ့ကို သီးစားပြန်ချတယ်။ အဲ့ဒါမျိုးတွေလည်း အများကြီး ရှိတယ်၊ အားလုံး ၃၅၀ ကျော်မယ်။ စားကျက်မြေတွေ ဆိုပြီးတော့ သူတို့က ပြန်ယူထားတာ။ အဲဒါကို ကိုးခရိုင် စိမ်းလန်းစိုပြေရေး ဘာညာ ဆိုပြီး ဒီ မယက တို့ ဘာတို့ပေါ့၊ အကုန်လုံး သူတို့ယူပြီးတော့ သူတို့ရဲ့ နီးစပ်ရာကို သီးစား ပြန်ချတယ်။ အခု လက်ရှိအထိ သူတို့ ယူထားသေးတယ်။ မြေစာရင်းပိုင်မြေတို့၊ ရဲပိုင်မြေတို့၊ သူတို့ လယ်ပိုင်တွေ ဆိုပြီးတော့။ အဲ့ဒီတော့ ဒီ အသိမ်းခံရတဲ့ လယ်သမားတွေရယ်၊ လယ်လုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်နေတဲ့ အလုပ်သမားက နာတာပေါ့ဗျ။ အဲ့ဒါတွေကိုလည်း မည်သည့်ပါတီကမှ ဒါတွေကို လုပ်ပေးမယ်ဆိုတာ မပါသေးဘူးဗျ။ မပါတော့ ဒါတွေကို ကျနော်တို့က လုပ်ပေးပါလို့ နောက်အစိုးရကို တောင်းဆိုတာ”


လယ်ယာမြေတွေ သိမ်းဆည်းခံထားရမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ လယ်သမားတွေနဲ့ ထပ်မံ တွေ့ဆုံကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။