တိုင်းကြီးနှစ်တိုင်းက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ
2014.08.30

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာမှာ ကျေးရွာ ပိုင် မြေဧက ၂၀၀ လောက်ကို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက ဝင်ရောက်လုပ်ကိုင်နေတာ ဖယ်ရှားပေး ဖို့အတွက် ဒေသခံရွာသား ၅၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဖက်ရှည်ကျေးရွာက ဦးခင်ဝင်းက RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ မန္တလေးတိုင်းဒေသကြီးမှာ သတ္တုတွင်းဌာနက သတ္တုဆက်လက်ထုတ်လုပ်ဖို့ ကျနော်တို့ကို ဖယ်ခိုင်းတာပေါ့ဗျာ၊ အိမ်ခြေ ၁၅ဝ ကျော်လည်း ရွာမြေဖြစ်တဲ့အတွက် ကျနော်တို့က မဖယ်ရှားနိုင်ဘူးပေါ့လေ၊ ကျနော်တို့ရွာမြေပေါ်မှာ သတ္တုဥပဒေနဲ့ မညီညွှတ်တဲ့ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ကတော့ ဖယ်ရှားခိုင်းတာပဲ၊ နိုင်ငံမှာတာဝန် ရှိတဲ့သူတွေကို ကျနော်တို့က ဆန္ဒထုတ်ဖော်တာပါ၊ နိုင်ငံမှာတာဝန်ရှိတဲ့သူတွေက ချထားပေးလို့ ကုမ္ပဏီတွေက ဒီလိုလုပ်တာပါ"
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက ပြည်ထဲရေးဝန်ကြီးဌာနကနေ အဲဒီရွာနှစ်ရွာရဲ့ မြေဧက ၂၀၀ ကျော် ကို ကျေးရွာပိုင်မြေအဖြစ် တရားဝင်ချထားပေးခဲ့ပေမဲ့၊ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာ မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးဌာနက ကုမ္ပဏီတချို့ကို အဲဒီကျေးရွာတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း ဒေသခံတွေ က ပြောပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ မြန်မာဂိုးဒင်းပွိုင့်၊ ဒို့ညီနောင်များ၊ ထာဝရ၊ ရွှေပြည်သာ စတဲ့ကုမ္ပဏီတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့မှာ ရွာသားတွေက မန္တလေးတိုင်းဒေသကြီး အစိုးရရုံးအထိ ချီတက်ဆန္ဒပြခဲ့ရာမှာ သပိတ်ကျင်းမြို့အဝင်မှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။ အလားတူ ဧရာဝတီတိုင်း အတွင်း သိမ်းယူခံထားရတဲ့ လယ်ဧကတစ်သိန်းနီးပါးရှိတဲ့ထဲက အသုံးမပြုတဲ့မြေတွေ ပြန်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၁၅ မြို့နယ်က လယ်သမားတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ လပွတ္တာမြို့နယ်က လယ်ဧက ၂၆ ဧက ဆုံးရှူံးခဲ့တဲ့ ဦးဉာဏ်ထွန်းက အခုလို ပြောပါတယ်။
"၂ဝ၁၂ ခုနှစ် မတ်လ ၃ဝ ရက်နေ့ လယ်ယာမြေဥပဒေ ရေးဆွဲတဲ့အခါကျတော့ အဲဒီ့လယ်ယာမြေတွေဟာ စီမံကိန်းမဖြစ်ရင် မူလလုပ်ကိုင်သူကို ပြန်ပေးရမယ်ဆိုတဲ့ ပုဒ်မ ၃၂ မှာ ပါထားတယ်၊ လယ်သမားတွေက အဆင့်ဆင့်ပေါ့ဗျာ ဒီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ နိုင်ငံတော်သမ္မတအထိ တင်ခဲ့သော်လည်း ဘာတစ်ခုမှ ဆောင်ရွက်ပေးခြင်း မရှိတဲ့သဘောပေါ့၊ ဒါကြောင့် ဆန္ဒဖော်ထုတ်ပွဲလုပ်တာပါ"
ဆန္ဒပြပွဲမှာ ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ ဝါးခယ်မ၊ မော်ကျွန်း၊ ဘိုကလေး စတဲ့ မြို့နယ်ပေါင်း ၁၅ မြို့နယ်က လယ်သမားတစ်ထောင်ကျော် ပါဝင်ခဲ့ကြပါတယ်။