တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခံရ

အင်းလုပ်ငန်းတွေကြောင့် သူတို့လယ်ယာမြေတွေ ရေနစ်မြုပ်နေရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က တောင်သူလယ်သမားတွေဟာ ဆန္ဒဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ခွင့်တောင်းခံခဲ့တာကို ညောင်လေးပင် မြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

2012.09.23

ဆန္ဒဖော်ထုတ်ပွဲအတွက် ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက တင်ပြတောင်းဆိုခဲ့ပေမယ့် အချိန်ဆွဲထာပြီး တိုင်းရုံးကို သွားရောက်ဖို့ မြို့နယ်က ပြောခဲ့တယ်လို့ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းစီစဉ်ခဲ့သူ ညောင်လေးပင်မြို့နယ် တော်ပလီကျေးရွာက လယ်သမား ကိုအေးလွင်က အခုလိုပြောပြပါတယ်။

"ဒီဥစ္စာတွေက ငါးလုပ်ငန်းနဲ့ ဆည်မြောင်းက လုပ်ပြီးသား ဖြစ်နေတဲ့အတွက်ကြောင့်၊ ကျောင်းသားတွေလည်း ကျောင်းတက်နေတဲ့ အချိန်ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ကို ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ ပယ်လိုက်တယ်ပေါ့။ တိုင်းမှာ အယူခံဖို့ သူတို့က ပြောတယ်။ အဲလိုပြောတော့ ကျွန်တော်တို့က တိုင်းကို တက်လာတယ်ပေါ့။ တိုင်းရုံးကို သွားပြန်တော့လည်း အခုလောလောဆယ် ညောင်လေးပင်ရုံးမှာ ပုံစံယူပြီး မြို့နယ်ရုံးကနေပြီးတော့ တိုင်းရုံးကိုတဆင့် တင်ရမယ်။ ဒီကို တိုက်ရိုက် တင်စရာမလိုဘူးလို့ ပြောပြန်တော့ ကျွန်တော်တို့ လယ်သမားတွေက မြို့နယ်က တိုင်းကိုညွှန်၊ တိုင်းက မြို့နယ်ကို ပြန်ညွှန်နဲ့ အခုချိန်ထိလည်း ဘာမှမလုပ်ပေးဘဲနဲ့ ရေကြီးနှစ်မြုပ် ဒုက္ခရောက်နေတဲ့ အခြေအနေကို ရောက်နေတယ်"

ညောင်လေးပင်မြို့နယ်အတွင်းက တောင်သူလယ်သမား ၅၀၀ လောက် ဆန္ဒဖော်ထုတ်မယ်ဆိုပြီး ခွင့်တောင်းခံခဲ့တာလို့ သိရပါတယ်။ ညောင်လေးပင်မြို့နယ်အတွင်းက အင်းလုပ်ငန်းတွေဟာ ရေထွက်မြောင်းတွေ စနစ်တကျ လုပ်ပေးထားတာ မရှိတဲ့အပြင် ရေတွေပိတ်ဆို့ ထားတဲ့အတွက် ညောင်လေးပင်နဲ့ အနီးနားက မြို့နယ်တွေမှာ လယ်ဧက သောင်းနဲ့ချီပြီး ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။

အခုလို ရေနစ်မြုပ်နေတာဟာ နှစ်စဉ်လိုလို ဖြစ်ပေါ်နေပြီး လယ်သမားတွေကလည်း သက်ဆိုင်ရာ ဆည်မြောင်းနဲ့ အာဏာပိုင် အဆင့်ဆင့်ထံ တင်ပြနေကျ ဖြစ်ပေမယ့် တခါမှ ပြေလည်အောင် ဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။