လယ်သမား ၅၀၀ ခန့် သီလဝါမှာ ဆန္ဒပြ
2019.10.23

သီလဝါ အထူးစီးပွားရေးဇုန်နားတဝိုက် မြေသိမ်းမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်က ဒေသခံတွေ နစ်နာစေတဲ့အတွက် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ လယ်သမား ၅၀၀ ဝန်းကျင်က ဒီနေ့ ကျောက်တန်းမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
သိမ်းဆည်းခံမြေတွေအမှုကို ပိတ်သိမ်းဖို့ တိုင်းမြေစစ်က ဆုံးဖြတ်တာကြောင့် အခုလို ဆန္ဒပြနေကြတာပါ။ လယ်သမားတွေက သီလဝါဝန်းကျင်မှာ ဥပဒေမဲ့ သိမ်းဆည်းခံရတဲ့မြေယာတွေ ဥပဒေနဲ့အညီ ပြန်လည်ရရှိေရး၊ တောင်သူလယ်သမား အခွင့်အရေးနဲ့နစ်နာမှုတွေကို နိုင်ငံတော်က ကာကွယ်ပေးရေးတို့အတွက် တောင်းဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးစက်မှုဇုန် သုံးခုရှိတဲ့အနက် သီလဝါ စီးပွားရေးဇုန်ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးဖြစ်ပြီးတော့ ထွက်ကုန်တွေကို နိုင်ငံတကာ ဈေးကွက်အထိ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဒီလိုအောင်မြင်နေပေမယ့် တစ်ဘက်မှာ အငြင်းပွားဖွယ် မြေယာလျော်ကြေးကိစ္စရပ်တွေ၊ နေရာချထားရေး ကိစ္စရပ်တွေဟာ လက်ရှိအချိန်ထိ ဖြေရှင်းနေရဆဲပါ။
သီလဝါစီးပွားရေးဇုန်မှာ ဂျပန်၊ တရုတ်၊ စင်္ကာပူ နိုင်ငံတွေက ကုမ္ပဏီတွေ ပါဝင်ပြီးတော့ အထည်ချုပ်ကနေ ကားထုတ်လုပ်တဲ့လုပ်ငန်းတွေအထိ ပါဝင်ပါတယ်။ စက်မှုဇုန် A ကို ၂၀၁၅ ကတည်းက မြေ ဟက်တာ ၄၀၀ ကျော်မှာ လုပ်ငန်းပေါင်း ၈၀ ကျော်နဲ့ လည်ပတ်နေတာပါ။
လက်ရှိအချိန်မှာတော့ ဇုန် B ကို ဆက်လက် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။